နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လဂွန်းပြင်ရေပေးဝေရေးစီမံကိန်း ရေဖြန့်ဝေမှုတိုးမြှင့်ဖြန့်ဝေရေး

ရန်ကုန်  မတ်  ၂၂
ရန်ကုန်မြို့သောက်သုံးရေ တိုးမြှင့်ဖြန့်ဝေပေးနိုင်ရေးအတွက် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ အမှတ်(၂) လမ်းနှင့် မြို့ပတ်လမ်းထောင့် သုံးခွကျေးရွာအနီး မစိုချောင်းဘေးတွင် ဆောင်ရွက်လျက်ရှိသော လဂွန်ပြင် ရေပေးဝေရေးစီမံကိန်းလုပ်ငန်းခွင်သို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးဗိုလ်ဌေး သည် မတ် ၂၀ ရက်က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
မြို့တော်ဝန်ဦးဗိုလ်ဌေးသည် စီမံကိန်းလုပ်ငန်းခွင့်ရှိ အကြိုအနည်ထိုင်ကန်၊ အနိမ့်ရေတင်စက်ရုံ၊ ရေဖြန့်ခွဲအဆောက်အအုံ၊ အနည်ထိုင်ကန်၊ ရေစုကန်၊ သဲရေစစ်ကန်၊ ရေသန့်စင်စက်ရုံများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။ လဂွန်းပြင်ရေပေးဝေရေးစီမံကိန်းဆောင်ရွက်ပြီးစီးမှုနှင့် စမ်းသပ်ပေးဝေလျက်ရှိရာ ၂၀၂၀ ပြည့်နှစ် မတ်လမှစ၍ ယုဇနဥယျာဉ်မြို့တော်နှင့် သာကေတမြို့နယ်သို့ တစ်နေ့ရေဂါလန် ၂ ဒသမ ၅ သန်း ပေးဝေလျက် ရှိသည်။
လဂွန်းပြင်ရေပေးဝေရေးစီမံကိန်းကို ရန်ကုန်အရှေ့ပိုင်း ၄ မြို့နယ်ဖြစ်သော ဇုန်(၇)တွင် ပါဝင်သည့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ဇုန် (၈)တွင်ပါဝင်သည့် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်နှင့် သန်လျင်မြို့နယ်ရှိ သီလဝါအထူးစီးပွားရေးဇုန်များသို့ အဓိကရေပေးဝေပြီး ရန်ကုန်တောင်ပိုင်း မြို့နယ်များဖြစ်သော သာကေတမြို့နယ်နှင့် ဒေါပုံမြို့နယ်များသို့ ရေအားဖြည့်ပေးသွားရန် အကောင်အထည် ဖော်ခဲ့ရာ စီမံကိန်းတစ်ခုလုံးကို ၂၀၁၅ ခုနှစ်၊ ဩဂုတ်လတွင် စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၂၂ ခုနှစ်၊ မတ်လတွင် ပြီးစီးရန် ရည်မှန်းဆောင်ရွက်လျက်ရှိသည်။ မြို့တော်ဝန် ဦးဗိုလ်ဌေးက ရေပေးဝေရေး Pipe Network များ အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်ရေး၊ လဂွန်းပြင်ရေသန့်စင်စက်ရုံမှ တစ်နေ့လျှင် ရေဂါလန် သန်း ၄၀ လျာထားချက်ထက် ပိုမိုဖြန့်ဖြူးနိုင်ရေး စီမံဆောင်ရွက်ရန် ရေအရင်းအမြစ်၊ ရေလှောင်ကန်အလိုက် ထုတ်လုပ်မှုစရိတ်ကို ၁ ဂါလန် နှုန်းဖြင့် တွက်ချက်၍ နှိုင်းယှဉ်ရန်၊ ရေလိုအပ်ချက်ကို ကြိုတင်တွက်ချက်၍ လိုအပ်သည်များ စီမံဆောင်ရွက်ရန် မှာကြားခဲ့သည်။
ရန်ကုန်မြို့တော်ရေပေးဝေရေးလုပ်ငန်းများကို ၂၀၄၀ ပြည့်နှစ်တွင် တိုးတက်လာမည့် လူဦးရေနှင့်အညီ ကောင်းမွန်ပြည့်စုံစေရန် ဇုန်နေရာ ၁၀ နေရာ ခွဲခြားသတ်မှတ်ကာ ဇုန်အလိုက်၊ အကွက်အလိုက် ရေစုကန်နှင့် ရေတွန်းစက်ရုံများ တည်ဆောက်ခြင်း၊ ရေမီတာများစနစ်တကျတပ်ဆင်၍ ရေလေလွင့်ဆုံးရှုံးမှု စောင့်ကြည့် ထိန်းချုပ်ရေစနစ်များ တပ်ဆင်ခြင်း၊ ရေဖြန့်ဖြူးပိုက်လိုင်းများ တည်ဆောက်ခြင်း စသည့်အနာဂတ်နှင့်ကိုက်ညီ မည့် ခေတ်မီရေဖြန့်ဖြူးရေးကွန်ရက်သစ်တည်ဆောက်ရန် ရေးဆွဲအကောင်အထည်ဖော်လျက်ရှိရာ သတ်မှတ် ကာလအတွင်းပြီးစီးရေး ကြိုးပမ်းအကောင်အထည်ဖော်စေချင်ကြောင်း။    ။






အခြားဆက်စပ်သတင်းများ