နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် တရုတ်နိုင်ငံသားတစ်ဦးအား ဓားဖြင့်ထိုးသတ်သွားသူ ၂ ဦး ဖမ်းဆီးရမိ

ရန်ကုန်  မေ ၁၅

 အမှုမှာ မေ ၁၁ ရက်၊ နေ့လယ် ၃ နာရီခွဲအချိန် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အလယ်ကျေးရွာ၊ ရွှေလင်ပန်းစက်မှုဇုန်အတွင်းရှိ ဦးထွန်းညိုလမ်းမဘေးတွင် ရပ်ထားသောကားပေါ်၌ တရုတ်နိုင်ငံသား တစ်ဦး ရင်ညွန့်ဝဲဘက်ထိုးသွင်းဒဏ်ရာ(၁)ချက်၊ ယာနံကြားထိုးသွင်းဒဏ်ရာ(၁)ချက်၊ ဝမ်းဗိုက်ဝဲဘက်ခြမ်း ထိုးသွင်းဒဏ်ရာ(၁)ချက်တို့ဖြင့် သေဆုံးနေသည်ကိုတွေ့ရှိ၍ သောင်ကြီးနယ်မြေရဲစခန်းတွင် အမှုဖွင့်အရေးယူ ဆောင်ရွက်ခဲ့သော အမှုဖြစ်ပါသည်။

 ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ လမ်းညွှန်ချက်အရ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်း အကူဌာနစုမှတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်မှုဌာနခွဲမှတပ်ဖွဲ့ဝင်များ၊ မြောက်ပိုင်းခရိုင် မှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များနှင့် သောင်ကြီးနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ အခင်းဖြစ်ရပ် ပတ်ဝန်းကျင်အား လိုက်လံ စုံစမ်းဖော်ထုတ်ချက်များအရ ပြစ်မှုကျူးလွန်သူများသည် လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်၊ ညောင်ရွာနေ ရဲကိုကို နှင့် ငပွေး(ခ)ဟန်ဝင်းထွန်း တို့ ဖြစ်ကြောင်း စုံစမ်းသိရှိရသဖြင့် လိုက်လံရှာဖွေဖမ်းဆီးခဲ့ရာ မေ ၁၃ ရက်၊  မွန်းလွဲ ၂ နာရီခွဲအချိန် ရဲကိုကိုအား ယင်း၏နေအိမ်မှလည်းကောင်း၊ ငပွေး(ခ)ဟန်ဝင်းထွန်းအား ည ၁၀ နာရီ ၁၅ မိနစ်အချိန် တိုက်ကြီးမြို့နယ်၊ ကျိုက်စကိုင်းကျေးရွာမှလည်းကောင်း ဖမ်းဆီးရမိခဲ့ပါသည်။

 ဖမ်းဆီးရမိသူ ရဲကိုကိုနှင့် ငပွေး(ခ)ဟန်ဝင်းထွန်း တို့(၂)ဦးအား စစ်ဆေးရာ ယင်းတို့သည် အခင်းဖြစ် ပွားသည့်နေရာ ပတ်ဝန်းကျင်၌ ယာဉ်တိုက်ခံရသည်ဟု ဟန်ဆောင်ကာ ခြိမ်းခြောက်ငွေတောင်း ယူလေ့ရှိ ကြောင်း၊ အခင်းဖြစ်သည့်နေ့တွင် တရုတ်နိုင်ငံသားတစ်ဦးတည်း မောင်းနှင်လာသောကားနှင့် ယင်းတို့ဆိုင်ကယ်ပွတ်တိုက်မိသည်ဟု လိမ်လည်ကာ ဆိုင်ကယ်အား လှဲချခဲ့ကြောင်း၊ ကားမှာရပ်သွားသဖြင့် လမ်းလျှောက်သွားကာ ကားတံခါးမှန်အားခေါက်ခဲ့ကြောင်း၊ တရုတ်လူမျိုးမှာ ကားပေါ်မှဆင်းလာပြီး တံခါးအား လော့ချထားခဲ့ကြောင်း၊ ထိုတရုတ်လူမျိုးသည် ကားနှင့် ဆိုင်ကယ်ချိတ်မိသည်ကို လျော်ပေးရန် ဆန္ဒမရှိ သည့်ပုံပေါက်နေသဖြင့် ကားတံခါးပွင့်မှသာ ကားထဲမှပစ္စည်းများကို ယူ၍ရမည်ဖြစ်သဖြင့် ငပွေး(ခ) ဟန်ဝင်းထွန်း မှ ကားတံခါးပွင့်စေရန်အကြံဖြင့် တရုတ်လူမျိုးအား ကားပေါ်ပြန်တက်၍ မောင်းသွားရန် အမူအယာ ဖြင့် ပြောဆိုခဲ့ကြောင်း၊ တရုတ်လူမျိုးမှ ကားတံခါးလော့ဖွင့်၍ ကားပေါ်ပြန်တက်ရန် ဟန်ပြင်နေစဉ် ငပွေး(ခ) ဟန်ဝင်းထွန်း မှ ကားတံခါးပြန်မပိတ်ရန် တွန်းထားစဉ် တရုတ်လူမျိုးမှ ထိုးကြိတ်သဖြင့် ငပွေး(ခ) ဟန်ဝင်းထွန်း နှင့် အပြန်အလှန်ထိုးကြိတ်ခဲ့ကြောင်း၊  ထိုအခါ ရဲကိုကို မှပြေးလာပြီး  ဝိုင်းထိုးခဲ့ကြကြောင်း၊ တရုတ်လူမျိုးမှာ  ကား ဝဲဘက်လမ်းဘေးကိုင်းတောအတွင်း လဲကျသွားစဉ် ရဲကိုကိုမှ အသင့်ယူဆောင် လာသည့်ဓားဖြင့် လိုက်ထိုးရာ  ၃ ချက်ခန့် ထိုးမိခဲ့ပြီး တရုတ်လူမျိုးမှာလဲကျသွားခဲ့ကြောင်း၊ ငပွေး(ခ)ဟန်ဝင်းထွန်းမှ တရုတ်လူမျိုး၏ ကားအတွင်းမှ အနက်ရောင်ကျောပိုးအိတ်(၁)လုံးအား ယူဆောင်ကာ ယင်းတို့(၂)ဦး ဆိုင်ကယ်ဖြင့်ထွက်ပြေးခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်ပါသည်။

 အမှုမှ သက်သေခံပစ္စည်းများအား ပြန်လည်သိမ်းဆည်းရရှိပြီးဖြစ်၍ ပြစ်မှုကျူးလွန်သူ ရဲကိုကိုနှင့် ငပွေး(ခ)ဟန်ဝင်းထွန်းတို့(၂)ဦးကို ဥပဒေနှင့်အညီ အမြန်တရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ