နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စနစ်တကျကုသသောက်သုံးစေချင်

ရန်ကုန် မတ် ၁၈

တီဘီရောဂါသည် လေထဲမှတစ်ဆင့် ကူးစက်ပျံ့နှံ့နိုင်သော တီဘီပိုးကြောင့်ဖြစ်သော ကူးစက်ရောဂါတစ်မျိုး ဖြစ်၏။ တီဘီရောဂါသည် အနာသိဆေးရှိပြီးဖြစ်ရာ ဝေဒနာရှင်များ ဆေးကို စနစ်တကျသောက်သုံးခြင်းဖြင့် ကုသပျောက်ကင်းနိုင်ပေသည်။ တီဘီဆေးဝါးများကို ကျန်းမာရေးဝန်ထမ်းများ၏ လမ်းညွှန်ချက်အတိုင်း စနစ် တကျဆေးကုသကာလပြီးဆုံးသည်အထိ မှန်မှန်မကုသလျှင် တီဘီပိုးများက အစွမ်းထက်ဆေးများကို ယဉ်သွား ပြီး ကုသရန်ခက်ခဲသည့် ဆေးယဉ်ပါးတီဘီရောဂါ (သို့မဟုတ်) ဆေးမတိုးသော တီဘီရောဂါအဖြစ် ပြောင်းလဲ သွားမည်ဖြစ်သည်။

ဆေးယဉ်ပါးတီဘီရောဂါလူနာများကို ပုံမှန်တီဘီဆေးများအပြင် ဆေးယဉ်ပါးတီဘီရောဂါသုံးဆေးများပါ တွဲဖက်၍ ဆေးကုသရာတွင် ဆေးကုကာလမှာ နှစ်နှစ်ခန့်ကြာမြင့်မည်ဖြစ်သည်။ ဆေးယဉ်ပါးတီဘီရောဂါဖြစ် နိုင်ရန် အခြေအနေရှိသူများမှာ HIV ပိုးကူးစက်ခံနေရသူ၊ သွေးချို၊ ဆီးချိုရောဂါ ခံစားနေရသူ၊ အရက်စွဲရောဂါရှိသူ၊ တီဘီရောဂါကုသမှုကို စနစ်တကျခံယူရန် အခြေအနေမရှိသူများဖြစ်သည်။

ဆေးယဉ်ပါးတီဘီရောဂါသည် အခြားသူများကို ကူးစက်ပြန့်ပွားမှုမရှိစေရန် တီဘီလူနာကို ကျန်းမာရေး ဝန်ထမ်းများနှင့် စနစ်တကျထိရောက်စွာ ကုသခြင်း၊ ချောင်းဆိုး၊ စကားပြော၊ နှာချေရာတွင် နှာခေါင်းစည်း တပ်ဆင်၍ နေထိုင်ခြင်း၊ သလိပ်ထွေးသောအခါ ပိုးသတ်ဆေးထည့်ထားသော အဖုံးပါခွက်ထဲတွင်သာ ထွေးပြီး စွန့်ပစ်ရာတွင် တွင်းနက်နက်တူးစွန့်ပစ်ကာ အပေါ်မှ မြေကြီးပြန်ဖို့ခြင်း၊ မီးရှို့ခြင်း၊ ရေအိမ်ထဲစွန့်ပစ်ခြင်း၊ လေဝင်လေထွက်ကောင်းရန် ပြတင်းပေါက်များ ဖွင့်ထားခြင်း၊ မိသားစုနှင့် ခြင်ထောင်တစ်ခုတည်း အတူမအိပ်ခြင်း၊ မျက်နှာသုတ်ပဝါ၊ လက်သုတ်ပဝါ သီးသန့်သုံးခြင်း၊ လျှော်ဖွတ်ပြီး နေရောင်ခြည်နှင့်လှန်းခြင်းတို့ ကို ဆောင်ရွက်ရမည်ဖြစ်ပေသည်။

ဆေးယဉ်းပါးတီဘီရောဂါဖြစ်စေသောအကြောင်းရင်းများတွင် သလိပ်တွင် တီဘီပိုးကင်းစင်အောင် ခြောက်လ(သို့မဟုတ်) ရှစ်လကြာသည်အထိ ဆေးဝါးများကို မသောက်သုံးဘဲ မိမိသဘောနှင့် ဆေးသောက်ရပ်ခြင်း၊ မဆီလျော်သော ဆေးကုထုံးနှင့် ဆေးကုသခြင်း၊ ဆေးယဉ်ပါးတီဘီရောဂါ ရှိသူထံမှ တိုက်ရိုက်ကူးစက်ခံရခြင်းတို့ကြောင့်ဖြစ်သည်။ ဆေးယဉ်ပါးနေသော တီဘီရောဂါလူနာများကို ကျန်းမာရေးဝန်ထမ်းများက နေ့စဉ်တိုက်ရိုက်ကြည့်ရှု ဆေးတိုက်ကျွေးလျက်ရှိနေရာ ဝေဒနာရှင်များက အလေးထားလိုက်နာသောက်သုံးစေချင်ကြောင်း။    ။






အခြားဆက်စပ်သတင်းများ