မတ် ၁၁
ပညာရေးဝန်ကြီးဌာနသည် အခြေခံပညာကဏ္ဍ ပညာရည်မြင့်မားရေးလုပ်ငန်းများကို ရေးဆွဲ သတ်မှတ် အကောင်အထည်ဖော်လျက်ရှိသည်။ ယခုအခါ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် စာသင်ကြားမှုများရပ်ဆိုင်း ထားရှိရာမှ ပြန်လည်ဖွင့်လှစ်ပါက ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်စေရေး၊ ကျောင်းပတ်ဝန်းကျင်သာယာလှပရေးနှင့် စာသင်ခန်းများစုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို မြို့နယ်များရှိ ကျောင်းများတွင် ဆောင်ရွက်လျက်ရှိသည်။ ကျောင်းသား၊ ကျောင်းသူ လူငယ်များသည် ပညာသင်ယူရာ ကျောင်းများ၌ စိတ်လက်ပျော်ရွှင်ချမ်းမြေ့စွာ မိမိတို့၏ သင်ခန်းစာများကို သင်ယူလေ့လာနိုင်ရေးအတွက် ကျောင်းနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးမှာ အထူးအရေးပါသည်။
နိုင်ငံတော်တစ်ဝန်းလုံးရှိ အခြေခံပညာကျောင်းများအလိုက် ကျောင်းအုပ်ကြီးများ၏ ဦးဆောင်မှုဖြင့် ဆရာ၊ ဆရာမများ၊ ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ ပူးပေါင်းအင်အားဖြင့် စာသင်ခုံများ ပြန်လည်စီရီခြင်း၊ ကျောင်းပတ်ဝန်းကျင့်သန့်ရှင်းသာယာလှပစေရေးအတွက် ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ကျောင်းစာသင်းခန်းများ အမှိုက်များနှင့် အမြင်မတင့်တယ်သည်များကို ရှင်းလင်းခြင်း၊ ကျောင်းဥပဓိရုပ် ကောင်းမွန်ရေးတို့ကို ပြည်သူ့အကျိုးပြုလုပ်ငန်းများအဖြစ် ဆောင်ရွက်နေကြသည်။
ကျောင်းနှင့် ဝန်းကျင်သန့်ရှင်းမှုများသည် ကျောင်းသားလူငယ်များ၏ ကျန်းမာရေးကို အထောက်အကူပြု ခြင်းကြောင့်လည်း ကျန်းမာပျော်ရွှင်သော ကျောင်းသား၊ ကျောင်းသူများက ပညာသင်ယူရေးကို စိတ်ရော ကိုယ်ပါ ရွှင်လန်းတက်ကြွစွာ လုပ်ဆောင်နိုင်ကြမည်ဖြစ်ရာ ကျောင်းဖွင့်ချိန်၌ အသင့်ဖြစ်စေရန်ကျောင်းဝန်းကျင် နှင့် စာသင်ခန်း များစုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို အခြေခံပညာကျောင်းအားလုံး တက်ကြွစွာပါဝင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။