ရန်ကုန်၊ မတ် ၉
ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးဖြစ်သည်။ လူတိုင်းကျန်းမာနေပါမှ အသက်ရှင်ရပ်တည်နိုင်မည်ဖြစ်ပြီး အလုပ်ကို ကိုယ်စွမ်းရှိသမျှလုပ်ကိုင်နိုင်မည်ဖြစ်သည်။ လူတိုင်းအသက်ရှည်ရပ်တည်နိုင်ရေးအတွက် အခြေခံ အကျဆုံးသည် ကျန်းမာရေးစောင့်ရှောက်မှုပင်ဖြစ်သည်။ မျက်မှောက်ကာလတွင် လူတို့စားသုံးသည့် အစားအစာများတွင် သန့်ရှင်းလတ်ဆတ်၍ ဓာတုဆေးဝါးကင်းစင်ရန် လိုအပ်သည်။ အစားအသောက်တွင် အနံ့ အရသာ၊ အရောင်အဆင်း၊ ထုပ်ပိုးမှုတို့မှာ လွန်စွာကောင်းမွန်သော်လည်း ဘေးအန္တရာယ်ရှိ၊ မရှိ သတိထား ဆင်ခြင်ရန်လိုအပ်သည်။ ယခင်က ရှေးဟောင်းစကားရပ်တစ်ခုဖြစ်သည့် "အစားလည်းဆေး ဆေးလည်းအစာ" ဟူသည်ကို ယနေ့ခေတ်တွင် "အစာလည်းဘေး ဘေးလည်းအစာ"ဟု နားလည်ဆင်ခြင်သင့်သည်။ ယနေ့လူတို့ နေ့စဉ်စားသုံးနေသည့် စားကုန်သီးနှံနှင့် ဟင်းသီးဟင်းရွက်အားလုံးနီးပါးတွင် ဓာတုပိုးသတ်ဆေးမျိုးစုံကို စနစ်တကျသုံးစွဲသူများရှိသကဲ့သို့ စနစ်မမှန်သုံးစွဲသူများလည်းရှိသည်။
ကျေးလက်ဒေသများတွင် မိမိတို့၏ လက်ငုတ်လက်ရင်းဖြစ်သော လယ်ယာလုပ်ငန်းနှင့် တွဲဖက်လုပ်ကိုင် သော သစ်သီးဝလံစိုက်ခင်းများသည် မိသားစုစားသောက်နေထိုင်ရေးအတွက် ဝင်ငွေအထောက်အပံ့ရရှိကာ အဆင်ပြေလျက်ရှိသည်။ ယခုအခါ မြန်မာနိုင်ငံတွင် ဓာတုကင်းလွတ်သော သီးနှံပင်များကို စိုက်ပျိုးလိုသည့် အဖွဲ့အစည်းများ၊ တောင်သူများအား လိုအပ်သည့်နည်းပညာ၊ မျိုးစေ့နှင့် ယန္တရားများကို ကူညီဖြည့်ဆည်းခြင်း ဖြင့် ဓာတုကင်းလွတ်သည့် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံစိုက်ပျိုးလိုသူများကို အားပေးလျက်ရှိသည်။ ပုံမှန်စိုက်ပျိုးသည့် နည်းစနစ်တွင် ခေတ်မီဓာတုဗေဒဆေးများ၊ ပိုးသတ်ဆေးများအသုံးပြုကာ စိုက်ပျိုးခြင်း ကြောင့်စားသုံးသူများ ရေစင်ကြယ်စွာမဆေးကြောပါက ဓာတုဗေဒဆေးဝါးများနှင့် ပိုးသတ်ဆေးများ၏ အန္တရာယ်ကို ခံစားရနိုင်ပေသည်။
သာဘာဝပိုးမွှားကာကွယ်ဆေးများသည် အခြားဓာတုဗေဒဆေးများကဲ့သို့ ဓာတ်ကြွင်းကြာမြင့်ချိန်နည်းပါး ပြီး အပင်များရေလောင်းချိန်တွင် ပျက်ပြယ်သည့်အတွက် ဟင်းသီးဟင်းရွက်စားသုံးသူများအနေဖြင့် ပိုးသတ်ဆေးအန္တရာယ်မှ ကင်းဝေးစေမည်ဖြစ်သည်။ ပြည်သူများအနေဖြင့် အန္တရာယ်ကင်းသော အစားအစာ များ စားသုံးနိုင်ရေးအတွက် အစားအသောက်ထုတ်လုပ်ဖြန့်ဖြူးရောင်းချရာတွင် သဘာဝဩဂံနစ်အစားအစား များ ပိုမိုထုတ်လုပ်စေချင်ကြောင်း။ ။