နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆယ်ကျော်သက်နှင့် ကျန်းမာရေးပြဿနာများ

မတ်   ၅
ဆယ်ကျော်သက် လူပျိုပေါက်၊ အပျိုပေါက်အရွယ်မှာ လွတ်လပ်မှုကိုစတင်ရှာဖွေတတ်ကြတယ်။ မိဘတွေ က မျက်လုံးတောင့်ထောင့်အသေးအမွှားပြုမူလှုပ်ရှားမှုလေးတွေကို၊ ကလေးဘဝကလက်ခံခဲ့ကြပေမယ့် ဆယ်ကျော်သက်မှာ လက်မခံချင်တော့ဘူး။ သူတို့ဖာသာသူတို့ ဆုံးဖြတ်ချင်ကြတယ်။ သူတို့ဘာလုပ်မယ်ဆို တာ အရင်ကအသိပေးတတ်ပြီး၊ မိဘတွေက မကြည်ဖြူမှန်း၊ ခွင့်မပြုမှန်းသိလာတဲ့အခါ ကွယ်ရာမှာကိုယ်လုပ် ချင်တာ ကိုယ်လုပ်ပါတော့တယ်။ မိဘရှေ့မှောက်လုပ်နေရတာထက်၊ ခိုးပြီးလုပ်ရတာက ပိုပြီးအရတာတွေ့ လာတဲ့အခါ စိုက်လိုက်မတ်တတ်လုပ်လာကြကာ ကျန်းမာရေးပြဿနာဖြစ်ပေါ်လာတယ်။ ကိုယ်လုပ်လို့ကိုယ်ခံ လိုက်ရတာပဲလို့ ယူဆသူများ၊ နောင်တမရဘဲ ဆက်ပြီးလုပ်နေတယ်။
မိဘအုပ်ထိန်းသူများအနေနဲ့တစ်ဖက်က ပစ္စည်းဥစ္စာရှာဖွေရင်း၊ ဆယ်ကျော်သက်များရင်ဆိုင်နေရတဲ့ အဖြစ် အများဆုံး၊ အကြီးဆုံး၊ ကျန်းမာရေးအန္တရာယ်အခွင့်အလမ်းများကို သိထားသင့်ပါတယ်။ ကိုယ့်သား သမီးရဲ့ လိုအင်ဆန္ဒကို ကြိုတင်သိရှိကာ၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ရွေးချယ်မှုကို သူတို့ဖာသာသူတို့ရွေးချယ် ဆုံးဖြတ်ခွင့်ပေးသင့်ပါတယ်။ မိဘတွေက နည်းလမ်းမကျတဲ့ ကျန်းမာရေးထိခိုက်စေနိုင်တဲ့အခြေအနေများ တည့်မတ်ပေးသင့်တယ်။
(၁) မတော်တဆမှုများ။ ယာဉ်တိုက်မှုအပါအဝင် လမ်းပေါ်မှာကြုံတွေ့နေရတဲ့ မတော်တဆမှုများဟာ အမေရိကန်မှာ ဆယ်ကျော်သက်တွေသေဆုံးကြရတဲ့ အဓိကအကြောင်းရင်းဖြစ်နေတယ်။ အသက်(၁၆-၁၉)ကြား၊ ဆယ်ကျော်သက် ၇ ဦးဟာ နေ့စဉ်ယာဉ်မတော်တဆမှုကြောင့် အသက်ဆုံးရှုံးနေရတယ်လို့ အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ရောဂါကာကွယ်ရေးဗဟိုဌာန(CDC)က ခန့်မှန်းထားပါတယ်။ ဆေးရုံ၊ ဆေးခန်း၊ အရေးပေါ်ဌာနတွေမှာလည်း ပြင်းထန်တဲ့မော်တော်ဆိုင်ကယ်အပါဝင် ယာဉ်တိုက်မှုဒဏ်ရာများကို ပိုပြီးကုသ ပေးနေရတယ်လို့ဆိုတယ်။
ကိုယ့်ရဲ့ကလေးသားငယ်၊ သမီးငယ်တို့ကား လက်ကိုင်၊ ဆိုင်ကယ်လက်ကိုင်၊ ကိုင်တော့မယ်ဆိုရင်(သို့) သူနဲ့ရွယ်တူ ဆယ်ကျော်သက်ဒရိုင်ဘာတစ်ဦးမောင်းတဲ့ ကားပေါ်မှာ ခရီးသည်အဖြစ် လိုက်ပါရတော့မယ်ဆိုရင် ဆယ်ကျော်သက်ယာဉ်တိုက်မှုဟာ အန္တရာယ်အကြီးဆုံးပဲလို့ဆိုတယ်။ ယာဉ်မောင်းလိုင်စင်ဝင်ဖြေစေသင့်ပါ တယ်။
(၂) အကြမ်းဖက်မှုများ။ အကြမ်းဖက်မှုများဟာ ဒုတိယအန္တရာယ်အရှိဆုံး အခွင့်အလမ်းတွေဖြစ်ပါ တယ်။ (၁၂-၁၉)နှစ်ကြား ဆယ်ကျော်သက်များဟာ တစ်နှစ်အတွင်း အကြမ်းဖက်မှုပေါင်း ၁၆၀၀၀ ကျော်ရင်ဆိုင် ကြုံတွေ့နေရကာ၊ ဆယ်ကျော်သက်များဟာ အကြမ်းဖက်မှုများဖြစ်မယ့်အခြေအနေကို အလားအလာအရှိဆုံး သူများဖြစ်နေတယ်လို့ ဆိုတယ်။ ၆-၁၀ တန်း ကျောင်းသား၊ ကျောင်းသူများ လေ့လာခဲ့ရာမှာသုံးပုံတစ်ပုံဟာ ကျောင်းမှာအနိုင်ကျင့်ခံရခြင်း(သို့)အနိုင်ကျင့်မှုအရေးခင်းထဲမှာ ပါဝင်ပတ်သက်နေခြင်းများ ရှိနေကြောင်း လေ့လာတွေ့ရှိထားရပါတယ်။ အမေရိကန်တစ်နိုင်ငံလုံးဆိုင်ရာ စစ်တမ်းတစ်ခုအရ  ၃၃ ရာခိုင်နှုန်းဟာ လက်နက်တစ်ခုခု ကိုင်ဆောင်လေ့ရှိကြောင်း တွေ့ရှိထားရပါတယ်။ ဓားတစ်ချောင်း၊ တုတ်တစ်ချောင်းဖြစ်နိုင် ပါတယ်။ သေနတ်တစ်လက်ဖြစ်နိုင်ပါတယ်။ ပြီးခဲ့တဲ့ရက် ၃၀ အတွင်း တစ်ကြိမ်လောက်သယ်သူသယ်ဆောင် ခဲ့ကြကြောင်း တွေ့ရှိရပါတယ်။
ဆယ်ကျော်သက်အကြမ်းဖက်မှုနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေထဲမှာ လိင်အမြတ်ထုတ်အကြမ်းဖက် မှုများလည်း ပါဝင်ပါတယ်။ ကျောင်းနဲ့အိမ်၊ ကျုရှင်နဲ့အိမ်ကြား၊ အချိန်ကလေးမှာ ဘေးကင်းစွာရှိစေရေးမိဘ များက စီစဉ်ပေးသင့်ပါတယ်။ အချို့ချိန်းပွဲ၊ ရိုက်ပွဲများလည်းရှိပါတယ်။ အချို့ဘောလုံးချိန်းကန်ရင်း ရန်ဖြစ် တာမျိုးလည်းရှိပါတယ်။ မိဘတို့အနေနဲ့ ကိုယ့်ကလေးအနိုင်ကျင့်တာခံရခြင်းရှိ၊ မရှိ ဆရာ၊ ဆရာမအပြင် သူငယ်ချင်းတွေထံကပါ သတင်းရယူသင့်ပါတယ်။ ၆-၁၀ တန်းကျောင်းသားရဲ့ သုံးပုံတစ်ပုံဟာ(သို့) ၃၃ ရာခိုင်နှုန်းဟာ ရက် ၃၀ အတွင်း တစ်ကြိမ်လောက်လက်နက်တစ်ခုခုသယ်ယူလေ့ရှိပြီး၊ ရက် ၃၀ မှာ(၁)ကြိမ် အနည်းဆုံး ခိုက်ရန်ဖြစ်ပွားကာ၊ ဆယ်ကျော်သက်အကြမ်းဖက်မှုခံရတယ်ဆိုတယ်။ မိဘများကိုယ်တိုင်က အရှည်တွေးကာ ကြီးတဲ့အမှုငယ်စေ၊ ငယ်တဲ့အမှု ပ,ပျောက်စေတဲ့စကားအတိုင်း စိတ်ရှည်ရှည်၊စည်းရုံးတတ်ဖို့လိုပါတယ်။ "အချစ်ရေး" စတဲ့ယှဉ်ပြိုင်မှုတွေက ဆယ်ကျော်သက်ဘဝမှာ ထိပ်ဆုံးကရှိနေတတ်ပါတယ်။
(၃) လိင်အကြမ်းဖက်မှုနှင့် ဆယ်ကျော်သက်ကိုယ်ဝန်ဆောင်ခြင်း။ ၁၉၈၀ ပြည့်နှစ်ကတည်းက ဆယ်ကျော်သက်ဘဝ ကိုယ်ဝန်ဆောင်နှုန်းများပြားလာခဲ့ပြီး ယခုလိုအရေးပေါ်တားဆေး(Easy Two)ဆေးဝါး များပေါ်နေတဲ့တိုင် ဆယ်ကျော်သက်ကိုယ်ဝန်ဖျက်ချမှု၊ ကိုယ်ဝန်ဖျက်ချလို့သေဆုံးရမှု၊ မလိုချင်တဲ့ကလေး စွန့်ပစ်မှုတွေက များပါတယ်။ အိန္ဒိယနိုင်ငံမှာတော့ ဇာတ်နိမ့်မြင့်ခွဲထားတာကြောင့် "အုပ်စုဖွဲ့မုဒိန်းကျင့်"တာ မကြာခဏတွေ့ရှိရတတ်တယ်။ ဆယ်ကျော်သက်များပါဝင်တဲ့ မုဒိန်းကောင်တွေကို၊ လူမြင်ကွင်းမှာ "သေဒဏ်" ကျခံစေတဲ့တိုင်၊ "အုပ်စုဖွဲ့မုဒိန်းကျင့်"တာ မလျော့သွားခဲ့ဘူး။ ကိုယ်ဝန်လွယ်ထားရပြန်တဲ့အခါ၊ ဥပဒေအရ ကိုယ်ဝန်ဖျက်ချခွင့်မရပြန်ဘူး။ ဆယ်ကျော်သက်များ မုဒိန်းမှုဖြစ်ပြီး ကိုယ်ဝန်ဆောင်စေတဲ့အခါ၊၊ ဖခင်ဘယ်သူမှန်းမသိတဲ့ ကိုယ်ဝန်လွယ်၊ မွေးဖွားရတဲ့အခါ၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးအခွင့်အလမ်းများ ဆုံးရှုံးသွားရပါတယ်။
(၄) လိင်ဆက်ဆံခြင်းမှကူးစက်ရောဂါရခြင်း။ ဆယ်ကျော်သက်အမျိုးသားတွေမှာ လက်တည့်စမ်းလိုတဲ့ ဆန္ဒကတားမနိုင်၊ ဆီးမရဖြစ်ကာ အပျော်မယ်(Sex Worker)တွေနဲ့တွေ့ပြီး အကာကွယ်(Condom)မစွပ်ဘဲ လိင်ဆက်ဆံမိတတ်တယ်။ ပထမဦးဆုံးအတွေ့ကြုံကပဲ အိပ်ချအိုင်ဗီ၊ အသည်းရောင်စီ၊ ဆစ်ဖလစ် (Syphilis)၊ ဂနို(Gonorrhoea)ရောဂါ ရတတ်တယ်။ အမေရိကန်ပြည်ထောင်စုမှာ လိင်မှတစ်ဆင့်ကူးစက်တတ်တဲ့ ရောဂါများ နှစ်စဉ်လူနာသစ်သန်း ၂၀ လောက်ရှိရာမှာ၊ ဆယ်ကျော်သက်က ၄၆ ရာခိုင်နှုန်းရှိတယ်။ အထက်တန်း ကျောင်းသားအားလုံးရဲ့ ၄၆ ရာခိုင်နှုန်းဟာ လိင်ဆက်ဆံဖူးတဲ့အတွေ့အကြုံရှိကြကာ အချို့တစ်ခါတည်းနဲ့ လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါတစ်မျိုးမျိူကူးစက်ခံရကာ လူညွန့်တုံးစေတဲ့အထိ ကြုံနေကြရပါတယ်။ ဆယ်ကျော်သက်များ ခုခံအားကျကူးစက်ရောဂါ(HIV/AIDS) နဲ့ ဂနို(Gonorrhoea)ရောဂါ ဖြစ်နိုင်ခြေများပါတယ်။
(၅)    ဆေးလိပ်၊ အီး-စီးကရက်၊ ကွမ်းယာသုံးစွဲခြင်း။ အထက်တန်းကျောင်းသူ၊ ကျောင်းသားတို့မှာ သုံးပုံ တစ်ပုံ ၃၀ ရာခိုင်နှုန်းက ဆေးရွက်ကြီးပါဝင်တဲ့ပစ္စည်းသုံးစွဲမှု (ဆေးလိပ်၊ အီးစီးကရက်၊ ကွမ်းယာ)ရှိတတ်ကြ တယ်။ ဆေးရွက်ကြီးထွက်ပစ္စည်းသုံးစွဲမှုဟာ အခြားအန္တရာယ်များတဲ့ အပြုအမူများ၊ အလေ့အထများနဲ့ တွဲနေ တတ်တယ်။ ဥပမာဆေးလိပ်ထဲ၊ မူးယစ်ဆေးဝါးဘိန်းအနွယ်ဝင်ထည့်ခြင်း၊ စိတ်ကြွဆေးပြားရှူခြင်း၊ သုံးခြင်း၊ အရက်စွဲခြင်းများဖြစ်တတ်ပါတယ်။ ဆေးစွဲ၊ အရက်စွဲလူငယ်များဟာ ဆယ်ကျော်သက်များဖြစ်နေတတ်ပြီး အသက်(၁၈)နှစ်မတိုင်မီ မူးယစ်ဆေး၊ စိတ်ကြွဆေးနဲ့ အရက်ဖြတ်ဖို့၊ စိတ်ကျန်းမားရေးဆေးရုံဆီရောက်ရှိလာ တတ်ပါတယ်။ မိဘတွေကိုယ်တိုင်ဆေးလိပ်သောက်၊ ကွမ်းစား၊ အရက်သောက်နေရင် ကလေးမှာလဲ အတုမြင် အတတ်သင်ဖြစ်သွားတယ်။
(၆)    စားသောက်ခြင်းနှင့် အဝလွန်ခြင်း။ ဆယ်ကျော်သက်ဘဝမှာဟော်မုန်းပြောင်းလဲမှုနဲ့အတူ ၈၇ ရာခိုင်နှုန်းက တစ်နေ့ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံ ၅ ကြိမ်စားရမယ်။ ညွှန်ကြားချက်ကို လိုက်နာမှုမရှိဘဲ အသင့်အမြန်စားအစားအစာ(Snaps)များဖြစ်တဲ့ အကြော်ခံဆီ(Saturated Fat)နဲ့ စီမံထားတဲ့ဟမ်ဘာဂါ၊ ဆင်းဒဝစ်၊ ပီဇာ၊ အာလူးချောင်းကြော်တို့စားသောက်ကာ အဝလွန်လာကြပါတယ်။ အလွန်အကျွံစားသုံးတဲ့ အခါ အဝလွန်ခြင်း၊ ကိုယ်အလေးချိန်ပိုခြင်းပြဿနာများခံစားရပါတယ်။ အထက်တန်းကျောင်းသား၊ ကျောင်းသူရဲ့ ၃၃ ရာခိုင်နှုန်းဟာ လုံလောက်တဲ့လေ့ကျင့်ခန်းမလုပ်ကြောင်း သိရပါတယ်။ နေ့စဉ်နာရီဝက်မှ တစ်နာရီကို အားကစားတစ်ခုခု ဥပမာလမ်းလျှောက်၊ အပြေး၊ ရွရွပြေး၊ စက်ဘီးစီး၊ ရေကူးပြုလုပ်ပေးရင် ပိုလျှံတဲ့ ကယ်လိုရီတွေ အဆီအဖြစ်မစုဆောင်းနိုင်တော့ဘဲ ချွေးအဖြစ် စွန့်သွားလို့ အဝလွန်ခြင်းကာကွယ်ပေး နိုင်ပါတယ်။ လိုသလောက်သာစားပြီး အချိုရည်ဘူးရှောင်သင့်တယ်။
(၇)    ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံခြင်း။ ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံခြင်းဟာ ဆယ်ကျော် သက်ဘဝမှာ များတတ်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ဆယ်ကျော်သက် ရှစ်ဦးမှာတစ်ဦး ကိုယ့်ကိုယ် ကိုယ် သတ်သေဖို့ကြိုးစားခဲ့ကြကြောင်း တွေ့ရှိထားတယ်။ ဆယ်ကျော်သက်ဘဝ စာမေးပွဲကျရှုံးမှု၊ ချစ်သူ ရည်းစားကွဲကွာမှု၊ လိုအင်ဆန္ဒမပြည့်ဝမှု၊ အရက်၊ စိတ်ကြွဆေး၊ မူးယစ်ဆေးဝါးစွဲလမ်းမှုတွေက ကိုယ့်ကိုယ် ကိုယ်သတ်သေနှုန်းမြင့်မားလာပါတယ်။ ဆယ်ကျော်သက်များရဲ့ ကျန်မာရေးပြဿနာများကို သိရှိထားနိုင်ပါမှ လမ်းမှန်ကမ်းမှန်စည်းရုံးညွှန်ပြကာ ဦးဆောင်မှုပေးနိုင်မှာပဲ ဖြစ်ပါတယ်။    ။
ဒေါက်တာလွင်သန့်






အခြားဆက်စပ်သတင်းများ