နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ငလျင်အန္တရာယ်နှင့် သဘာဝဘေး

မတ်    ၄

သဘာဝဘေးဟူသည် ရှောင်လွှဲ၍မရသည့် ဘေးအန္တရာယ်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတွင်သာမက ကမ္ဘာ့ နိုင်ငံတိုင်းတွင် သဘာဝဘေးဒဏ်များကို ခံစားရလေ့ရှိသည်။ မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်နှစ်များက သဘာဝ ဘေး ဖြစ်စဉ်များဖြစ်သည့် ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်းဖြစ်စဉ်များကြောင့် ပြည်သူများ၏ အသက်ပေါင်း ရာချီဆုံးရှုံးခဲ့ရသည်။ ယနေ့ကာလတွင် မီးလောင်မှု၊ ငလျင်လှုပ်မှု၊  လေပြင်းတိုက်ခတ်မှုဖြစ်စဉ်များဖြစ်ပေါ် ကြုံတွေ့ခဲ့ရသည်။ သဘာဝဘေးများ ပိုမိုဖြစ်ပေါ်လာရခြင်းသည် လူသားများ ဖန်တီးမှုကြောင့်ဖြစ်သည်။ သဘာဝပတ်ဝန်းကျင် ပျက်စီးစေသောအကြောင်းအမျိုးမျိုးတို့ကို ပြုလုပ်ခဲ့ကြသောကြောင့်ဖြစ်သည်။

ငလျင်ဆိုသည်မှာ မြေမျက်နှာပြင် လှုပ်ရှားခြင်းနှင့် တုန်ခါမှုဖြစ်ခြင်းကို ခေါ်ဆိုခြင်းဖြစ်သည်။ ငလျင်သည် ကမ္ဘာမြေထုချပ်များအတွင်းရှိ ပြတ်ရွေ့များတစ်လျှောက် လှုပ်ရှားမှုများနှင့် မြေထုချပ်နှစ်ခုအချင်းချင်း ထိစပ် အနားတစ်လျှောက် အဓိကလှုပ်ခတ်နိုင်သကဲ့သို့ မီးတောင်ပေါက်ကွဲခြင်းနှင့် အာကာသမှ ဥက္ကာခဲကြီးများ ကမ္ဘာမြေပေါ်သို့ ကျခြင်းတို့ကြောင့်လည်း လှုပ်နိုင်သည်။ လူများ၏ ပယောဂ ဥပမာ- မြေအောက်မိုင်းခွဲခြင်း၊ အဏုမြူစမ်းသပ်ဖောက်ခွဲခြင်း ဆည်သိုလှောင်ရေကြောင့် အောက်ခံကျောက်သားထု ဂုဏ်သတိများ ပြောင်းလဲခြင်း စသည်တို့ကြောင့်လည်း ငလျင်လှုပ်ခတ်နိုင်သည်။ ငလျင်ကြီးများ လှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲ ငလျင်ငယ်များ လှုပ်ခတ်မှုဖြစ်ပေါ်လာတတ်သည်။

မြန်မာနိုင်ငံအတွင်းတည်ရှိသော ပြတ်ရွေ့ကြောများအနက် နိုင်ငံတကာ မြေငလျင်နှင့် ဘူမိဗေဒပညာရှင် များ သိရှိစိတ်ဝင်စားကြသော မိုင် ၆၀၀ ကျော် ရှည်လျားသည့် စစ်ကိုင်းပြတ်ရွေ့ကြောသည် မြန်မာနိုင်ငံ အလယ်မှဖြတ်၍ တောင်မြောက်တန်းလျက်အနေအထားဖြင့် တည်ရှိနေသည်။ ရန်ကုန်မြို့သည် စစ်ကိုင်း ပြတ်ရွေ့၏ အနောက်ဘက် ကီလိုမီတာ ၃၀ တွင်တည်ရှိပြီး အနီးတစ်ဝိုက်တွင် တိုက်ကြီးပြတ်ရွေ့၊ သန်လျင် ပြတ်ရွေ့၊ ဒေးဒရဲပြတ်ရွေ့ အစရှိသည့် ပြတ်ရွေ့ငယ်များ တည်ရှိသဖြင့် အနာဂတ်တွင် ငလျင်အန္တရာယ် အများဆုံးဖြစ်နိုင်ခြေရှိသော ရပ်ဝန်းများအနက် တစ်ခုဖြစ်သည်။

၁၉၃၀ ပြည့်နှစ် ငလျင်ဘေးကြောင့် ပဲခူး၌ လူပေါင်း ၅၀၀ ကျော်၊ ရန်ကုန်မြို့တွင် လူပေါင်း ၅၀ ခန့် သေဆုံးခဲ့ကြောင်း ငလျင်မှတ်တမ်းများအရ သိရှိရသည်။ ငလျင်၏ သဘောသဘာဝအရ ငလျင်ကြီးများ လှုပ်ဖူးသောနေရာများတွင် ငလျင်ငယ်များ နောက်ဆက်တွဲလှုပ်ခတ်လေ့ရှိကြောင်းနှင့် ပဲခူးမြို့ငလျင်အန္တရာယ် ကြုံတွေ့ခဲ့သည်မှာ နှစ် ၈၀ ခန့်ကြာမြင့်ခဲ့သော်လည်း သတိပြုရမည့်ကာလသို့ ရောက်ရှိလာပြီဖြစ်သည်။

မြေငလျင်လှုပ်ရှားခြင်းသည် ကြိုတင်ခန့်မှန်းမရသော သဘာဝဘေးတစ်ခုဖြစ်ပြီး ငလျင်ဒဏ်ကြီးမားသော် ပျက်စီးဆုံးရှုံးမှုများတတ်သကဲ့သို့ လူအသေအပျောက် ထိခိုက်ဒဏ်ရာများစွာ ဖြစ်ပေါ်တတ်သည်။ မြေငလျင် လှုပ်ရှားမှုကို ကြိုတင်ခန့်မှန်းမရနိုင်သော်လည်း မြေငလျင်ကြောအနီးတွင် နေထိုင်ပါက မြေငလျင်ဘေးဒဏ်မှ ကင်းဝေးစေရန် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရန် လိုအပ်သည်။ မျက်မှောက်ကာလတွင် သဘာဝ ဘေးအန္တရာယ်အမျိုးမျိုးတို့လည်း ပေါ်ပေါက်လျက်ရှိရာ ဘေးအန္တရာယ်များကို လျော့ပါးသက်သာစွာ ကြုံတွေ့ နိုင်ရေးအတွက် သတိမူလုပ်ကိုင်ဆောင်ရွက် ကာကွယ်စေချင်ကြောင်း။    ။






အခြားဆက်စပ်သတင်းများ