မတ် ၃ ရက်
နိုင်ငံတော်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက တာဝန်ယူခဲ့သည်မှာ တစ်လကျော်ခဲ့ပြီဖြစ်သည်။ နိုင်ငံတော်ကို စတင်တာဝန်ယူသည့် ပထမရက်သတ္တပတ်အတွင်း ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်မှုရှိခဲ့သော်လည်း နိုင်ငံတော်မှာ တည်ငြိမ်အေးချမ်းခဲ့သည်။ ဒုတိယပတ်မှစတင်၍ ဆူပူဆန္ဒပြမှုများဆက်တိုက်ဖြစ်ပေါ်လာခဲ့ပြီး မင်းမဲ့စရိုက်ဆန်သောလုပ်ရပ်များ အကြမ်းဖက်တိုက်ခိုက်ဆူပူမှုများ ဖြစ်ပေါ်ခဲ့သည်။ တိုင်းပြည်မတည်မငြိမ် ဖြစ်နေသောကာလတွင် တိုင်းပြည်ပျက်စီးစေမည့် မီးလောင်ရာလေပင့်လုပ်ရပ် လုပ်ကိုင်လာကြသည်။ ဆူပူ ဆန္ဒပြမှုဖြစ်စဉ်များ ကြီးထွားလာအောင် နောက်ကွယ်မှ ငွေကြေးနှင့်လူထောက်ပံ့မှုပြုလုပ်နေသည်။ ရိုးသားစွာ တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများအား CDM လှုပ်ရှားမှုများတွင် ပါဝင်လာအောင် ပြည်တွင်း၊ ပြည်ပမှ ပျက်စီးကြောင်း လှုံ့ဆော်မှုများ၊ သို့မဟုတ် မမှန်သတင်းများနှင့် အကြမ်းဖက်လုပ်ရပ်များ ပေါ်လာအောင် လူမှုကွန်ရက်များတွင် လှုံ့ဆော်တွန်းအားပေးဆောင်ရွက်လျက်ရှိသည်။
CDM တွင် နိုင်ငံ့ဝန်ထမ်းများပါဝင်အောင် လှုံ့ဆော်မှုများ၊ အကျပ်ကိုင်မှုများ၊ ဖိအားပေးမှုများ၊ ခြိမ်းခြောက်မှုများကို နေ့စဉ်နှင့်အမျှ မိမိပတ်ဝန်းကျင်နှင့် လူမှုကွန်ရက်စာမျက်နှာများတွင် တွေ့မြင်ရရာ ဖိအားပေးအကျပ်ကိုင်ခြိမ်းခြောက်မှုများသည် လုပ်ငန်းတာဝန်ဝတ္တရားများ ကျေပွန်အောင်ထမ်းဆောင်နေကြသည့် နိုင်ငံ့ဝန်ထမ်းများအတွက် များစွာအခက်အခဲတွေ့နေရသည်။ နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်ယန္တရားတစ်ခု လုံး ကောင်းမွန်စွာအသက်ဝင်လှုပ်ရှားစေရန် ဆောင်ရွက်ကြသူများဖြစ်သည်။ နိုင်ငံရေး၊ စီးပွားရေးစနစ်များ၊ အစိုးရများ မည်မျှပင်ပြောင်းလဲစေကာမူ နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်ယန္တရားကို စဉ်ဆက်မပြတ် သက်ဝင်လှုပ်ရှားစေရန် ဆောင်ရွက်ကြရသူများဖြစ်သည်။ တိုင်းပြည်နှင့် ပြည်သူ့အကျိုးစီးပွားမထိခိုက်စေ ရန်အတွက် ဖြစ်သည်။
တိုင်းပြည်တစ်ခုတွင် ပြည်သူနှင့်လိုက်နာဆောင်ရွက်ရမည့် အရာများမှာ ဘာသာတစ်ခု၊ လူမျိုးတစ်မျိုး၊ ပါတီတစ်ခုတည်းအတွက်မဟုတ်ဘဲ နိုင်ငံသားတိုင်းလိုက်နာလက်ခံရမည့် ကျင့်ဝတ်၊ စည်းကမ်း၊ တာဝန်ဝတ္တရား များပင်ဖြစ်သည်။ အခြေခံလူ့ယဉ်ကျေးမှုများဖြစ်သော စာရိတ္တ၊ ဓလေ့ထုံးတမ်း၊ ရိုးရာယဉ်ကျေးမှုများကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ပြီး စည်းကမ်းရှိမှု၊ ကိုယ်ချင်းစာတရားဖြင့် နေထိုင်မှု၊ ပြည်သူတစ်ယောက်၏ တာဝန်ဝတ္တရားများကို သိရှိလိုက်နာဆောင်ရွက်မှု၊ ယဉ်ကျေးချိုသာစွာ ကိုယ်၊ နှုတ်၊ စိတ် အမူအကျင့်များကို ထိန်းသိမ်းစောင့်ရှောက်ကြရမည်ဖြစ်သည်။ အုပ်ချုပ်သူအစိုးရအမျိုးမျိုး၊ မူဝါဒအဖုံဖုံ ပြောင်းလဲနေသော်လည်း ဝန်ထမ်းများသည် တာဝန်ကိုဆက်လက်ထမ်းဆောင်ရသည်။ ဝန်ထမ်းများသည် လူသားများပင်ဖြစ်၍ မိမိခံယူချက်၊ စိတ်ခံစားချက်များကြောင့် ဝန်ထမ်းကျင့်ဝတ် လိုက်နာရမည့်အချက်များကို ဖောက်ဖျက်လုပ်ဆောင်မှုများ ရှိခဲ့သော်လည်း နိုင်ငံတော်နှင့် ပြည်သူ့အကျိုးစီးပွားကို စိတ်ရင်းစေတနာမှန်ကန်စွာဖြင့် ဆောင်ရွက်နိုင်ရန် လုပ်ငန်းခွင်များသို့ ပြန်လည်ဝင်ရောက်စေချင်ကြောင်း။ ။