နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စပိန်နိုင်ငံ၏ အသက်အကြီးဆုံး အဘွားအို COVID-19 ရောဂါ ပြန်သက်သာလာ

မေ ၁၃၊ မက်ဒရစ်

စပိန်နိုင်ငံ၏ အသက်အကြီးဆုံး အဘွားအိုဟု ယုံကြည်ထားသည့် အသက် ၁၁၃ နှစ်အရွယ် အဘွားအိုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုမှ ပြန်လည်သက်သာလာကြောင်း စပိန်နိုင်ငံ အရာရှိများက ပြောသည်။ မာရီယာဘရန်ယာသည် ပြီးခဲ့သည့်မတ်လက စပိန်နိုင်ငံ ပိတ်ဆို့ခံရပြီးနောက် COVID-19  ရောဂါ ကူးစက်ခံခဲ့ရကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။ သို့သော် ရက်သတ္တပတ်များစွာ သီးသန့်ခွဲခြားနေထိုင်ချိန်တွင် ရောဂါလက္ခဏာ မဆိုသလောက်သာ ပြခဲ့ပြီး ရောဂါ ပြန်သက်သာလာခြင်းဖြစ်သည်။

မာရီယာဘရန်ယာသည် အသက် ၁၁၃ နှစ်အရွယ်ရှိသည့်အတွက် ၁၉၁၈ ခုနှစ်နှင့် ၁၉၁၉ ခုနှစ်ကြား ဖြစ်ပွားခဲ့သည့် တုပ်ကွေးကပ်ရောဂါ၊ ၁၉၃၆ ခုနှစ်မှ ၁၉၃၉ ခုနှစ်အထိ ဖြစ်ပွားခဲ့သည့် စပိန်ပြည်တွင်းစစ်နှင့် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါများကို ဖြတ်သန်းပြီး အသက်ရှင်သန်သူဖြစ်လာသည်။ ၁၉၀၇ ခုနှစ်က မက္ကဆီကိုနိုင်ငံတွင် မွေးဖွားခဲ့သည့် မာရီယာဘရန်ယာဟာ ၂ နှစ်သမီးအရွယ်တွင် ဆန်ဖရန်စစ္စကိုမြို့သို့ ပြောင်းရွှေ့လာခဲ့ပြီး ပထမကမ္ဘာစစ်အတွင်း ကာတာလန်ဒေသရှိ ဂီရိုနာမြို့ကို ရောက်လာခဲ့သည်။
မာရီယာဘရန်ယာမှာ သားသမီး ၃ ဦး၊ မြေး ၁၁ ဦး၊ မြစ် ၁၃ ဦးရှိပြီး မြေးအကြီးဆုံးက အသက် ၆၀ ရှိနေပြီဖြစ်သည်။ ယင်းမှာ အိုလော့မြို့ရှိ စောင့်ရှောက်ရေးဂေဟာတွင် ဆယ်စုနှစ် နှစ်ခုကြာ နေထိုင်ခဲ့သည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ