နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သဘာဝဘေးအန္တရာယ်လျော့ပါးစေရန် အစိမ်းရောင်စီးပွားရေးကျင့်သုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၄


ရေအရင်းအမြစ်များဖြစ်သည့် သဘာဝရေထွက်မှာ တော၊ တောင်၊ စိမ့်စမ်းများမှစ၍ မြစ်၊ ချောင်း၊ အင်းအိုင် ရေတိမ်ဒေသတို့၏ ရေဝေရေလဲဧရိယာများနှင့် ရေဦးရေဖျားဒေသရှိ သစ်တောဖုံးလွှမ်းမှုကို ကာကွယ်ထိန်းသိမ်း ရမည်ဖြစ်သည်။ ရေသည် သစ်တောများဖုံးလွှမ်းသည့် တောတောင်များမှသည် ပင်လယ်သမုဒ္ဒရာအထိ စီးဆင်းနေသဖြင့် ရေဝေရေလဲဒေသသည် အလွန်ကျယ်ပြန့်သည်။ ရေသည် လူသားအားလုံးအတွက် အရေးကြီးသည်။ ယခုအခါ ရာသီဥတုပြောင်းလဲမှုကြောင့် ရေနှင့်ပတ်သက်သောပြဿနာများ ရင်ဆိုင်ကြုံတွေ့ လာရသည်။
လူသားတို့ဖန်တီးတည်ဆောက်ကြသည့် ဆည်၊ တမံတို့၏ အသက်သွေးကြောသည် ရေအရင်းအမြစ်များ ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်မှုဖြစ်သည့်အတွက် ရေဝေရေလဲဒေသနှင့် ရေဦး၊ ရေဖျားဒေသရှိ သစ်တော သယံဇာတအရင်းအမြစ်များအား ထိန်းသိမ်းစောင့်ရှောက်ရန်လိုအပ်သည်။ သစ်တောဖုံးလွှမ်းမှုကောင်းမွန်သော နေရာများ၌ မြေတိုက်စားမှုအနည်းငယ်သာရှိသော်လည်း သစ်တောပြုန်းတီးသည့်မြေနေရာများတွင် မြေတိုက်စားမှုပြဿနာ ဆိုးရွားစွာကြုံတွေ့ကြရသည်။ မြေအသုံးချမှုစနစ်လွဲမှားမှုကြောင့် ရေထုညစ်ညမ်းခြင်း၊ သန့်ရှင်းသော‌ သောက်သုံးရေရှားပါးလာခြင်း၊ ရေထွက်များခန်းခြောက်လာခြင်း၊ ဆည်နှင့် ရေလှောင်တမံများ၌ သဲ၊ နုန်းပို့ချခြင်း၊ တိမ်ကောလာခြင်း၊ မြေအောက်ရေများ ဆုတ်ယုတ်လာခြင်းစသည်တို့ ကြုံတွေ့လာကြရသည်။ နှစ်စဉ်နွေရာသီကာလတွင် သောက်သုံးရေနှင့် စိုက်ပျိုးရေရှားပါးမှုပြဿနာနှင့် ကြုံကြရသည်။
သဘာဝသယံဇာတများနှင့် ပတ်ဝန်းကျင်ကိုရေရှည်တည်တံ့ရေးအတွက် စဉ်ဆက်မပြတ်စားသုံးခြင်းနှင့် ထုတ်လုပ်ခြင်းသည် အရေးကြီးပေသည်။ သဘာဝသယံဇာတများသည် အနာဂတ်မျိုးဆက်သစ်များအတွက်ဖြစ်၍ သယံဇာတများကို မဆင်မခြင်သုံးစွဲခြင်းသည် စဉ်ဆက်မပြတ်ထုတ်လုပ်မှုကို ထိခိုက်စေမည်ဖြစ်သောကြောင့် လူသားများအားလုံး ပတ်ဝန်းကျင်ထိန်းသိမ်းခြင်းကို ထိခိုက်မှုမရှိအောင် တစ်ဦးချင်း၏အမူအကျင့်များကို အခြေခံကျကျပြောင်းလဲသွားကြရန် လိုအပ်သည်။ အစိမ်းရောင်စီးပွားရေးသည် ရာသီဥတုတည်ငြိမ်ရေး၊        ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသောလုပ်ငန်းများအနက်မှ တစ်ခုဖြစ်သည်။ အစိမ်းရောင်စီးပွားရေးလုပ်ငန်းစဉ်များဖြစ်သော ကာဗွန်ထုတ်လုပ်မှုနှင့် လေထုညစ်ညမ်းမှု လျှော့ချရေးစွမ်းအင်နှင့် သယံဇာတများထိရောက်စွာ အသုံးချနိုင်ရေးနှင့် ဇီဝမျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ် ဝန်ဆောင်မှု ဆုံးရှုံးခြင်းများအား တားဆီးကာကွယ်ရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည်။
သဘာဝဘေးအန္တရာယ်များဖြစ်သော ရေကြီးရေလျှံမှု၊ မိုးခေါင်ရေရှားမှုများစသည်တို့ ဖြစ်ပေါ်လာပါက မြို့ပြနှင့် ကျေးလက်ဒေသများ၌ ပြည်သူများ သန့်ရှင်းသောသောက်သုံးရေလုံလောက်စွာရရှိရေးမှာ များစွာလိုအပ် သည်။ တစ်ဖန် ဆင်းရဲမွဲတေမှုသည် ပတ်ဝန်းကျင်ပျက်စီးရာပျက်စီးကြောင်း၏ အကြောင်းတစ်ခုဖြစ်ရာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို စနစ်တကျကြိုးပမ်းအကောင်အထည်ဖော်ခြင်းသည် အဓိကအကျဆုံး အချက်ဟု ဆိုချင်ပါကြောင်း။         ။






အခြားဆက်စပ်သတင်းများ