ဖေဖော်ဝါရီ ၃
COVID-19 Pandemic သည် ကမ္ဘာ့သက်ရှိလူသားများအားလုံးနှင့် ဗိုင်းရပ်စ်တို့ အကြိတ်အနယ် တိုက်ခိုက်နေရသော အသက်လုပွဲဟုဆိုလျှင် မမှားနိုင်ပေ။ ဤဆောင်းပါးရေးနေချိန် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ နောက်ဆုံးနေ့အထိ တစ်ကမ္ဘာလုံးကိုဗစ်-၁၉ ဖြစ်ပွားမှု အခြေအနေမှာကူးစက်ခံရသူ ၁၀၂ သန်းကျော် ရှိနေပြီး၊ သေဆုံးသူ နှစ်သန်းနှစ်သိန်းကျော်လာပြီဖြစ်သည်။ ဖော်ပြပါ နေ့ရက်အထိ မြန်မာတစ်နိုင်ငံလုံး ကိုဗစ်-၁၉ ပြန့်ပွားနှုန်းအခြေအနေမှာလည်း ပိုးတွေ့သူ ၁၃၉,၈၆၄ ဦးရှိနေပြီး၊ ၄င်းတို့အနက် သေဆုံးသူ ၃,၁၂၅ ဦးရှိလာပြီဖြစ်သည်။ နောက်ထပ် မည်၍မည်မျှကူးစက်ပြီး၊ မည်သူတို့၏ အသက်ဇီဝိန်ကို ခြွေဦးမည်ဆိုသည်ကိုမှန်းဆ၍ မရပေ။ မည်သို့ပင်ဆိုစေကာမူလူသားနှင့် ဗိုင်းရပ်စ် တိုက်ခိုက်သော အသက်လုပွဲတွင်၊ နောက်ဆုံး၌ အင်အားကြီးသောလူသားကသာလျှင် အနိုင်ရရှိမှာဖြစ်ပါသည်။ ထို့အတွက် ကိုဗစ်-၁၉ ကိုခုခံကာကွယ်နိုင်သော ပဋိဇီဝထိုးဆေးများ ပေါ်ပေါက်လာပြီဖြစ်ရာ၊ စာရေးသူတို့ မြန်မာနိုင်ငံသို့လည်းထိုးဆေးများရောက်ရှိလာခဲ့ပါပြီ။
မြန်မာနိုင်ငံနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေး
မြန်မာနိုင်ငံတွင် ထိုးနှံမည့် ကိုဗစ်-၁၉ ကာကွယ်ဆေးကိုအင်္ဂလန်နိုင်ငံ Oxford တက္ကသိုလ်နှင့် AstraZeneca ကုမ္ပဏီတို့က ပူးပေါင်းထုတ်လုပ်ထားပြီး၊ အိန္ဒိယနိုင်ငံ Serum Institute က တစ်ဆင့်ခံလိုင်စင်ဖြင့် COVISHIELD အမည် ထုတ်လုပ်ထားခြင်းဖြစ်ပါသည်။ ၎င်း COVISHIELD ကို ဗိုင်းရပ်စ် နှစ်မျိုးဖြစ်သည့် သာမန်အအေးမိဖျားနာဖြစ်စေသော အဒီနိုဗိုင်းရပ်စ် (Adenovirus) ၏ ဗီဇနှင့် ကိုဗစ်ပိုး၏ ဗီဇအပိုင်းအစတစ်ခု ကိုပေါင်းစပ်ဖန်တီးထားသည့် နည်းပညာ (Recombinant adenoviral vector vaccine) ကိုအသုံးပြုပြီးတီထွင်ထားခြင်းဖြစ်သည်။ ၎င်းဆေးတွင် ရောဂါဖြစ်စေသည့် ဗိုင်းရပ်စ်အပိုင်းအစ လုံးဝမပါရှိပေ။ ဆေးထိုးနှံလိုက်သည့်အခါ ဆေးထဲတွင်ပါလာသောကိုဗစ်ပိုး၏ ဗီဇအပိုင်းအစများက ခန္ဓာကိုယ်ထဲရောက်သွား ချိန်မှာအချွန်အတက်များ(SpikeProtein)ကို ထုတ်လုပ်သည်။ ၎င်းအချွန်အတက်တွေကို ခန္ဓာကိုယ်က တုံ့ပြန်မှတ်သားထားပြီး သူ့ကိုတိုက်ထုတ် နိုင်သောကိုယ်ခံအားများထုတ်လုပ်ပေးပါသည်။ အမှန်တကယ်ပြင်ပ လေထုမှတစ်ဆင့်ခန္ဓာကိုယ်ထဲသို့ ကိုဗစ်ပိုးဝင်လာသောအခါ ၎င်းပိုးပေါ်ရှိအချွန်အတက်တွေကို ကိုယ်ခံအားက ချက်ချင်းမှတ်မိနေပြီး ရောဂါမဖြစ်အောင် ကာကွယ်တိုက်ထုတ်ပေးပါလိမ့်မည်။ ကိုယ်ခံအား (Antibody)ထုတ်လုပ်သော ပမာဏများလေလေ ပိုမိုကာကွယ်နိုင်လေဖြစ်သည်။
အိန္ဒိယအစိုးရမှ လှူဒါန်းသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး တစ်သန်းခွဲမှာ အိန္ဒိယလေယာဉ်ဖြင့် ဇန်နဝါရီ ၂၂ ရက်၊ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပထမဆုံးအကြိမ်အဖြစ် ရောက် ရှိလာခဲ့သည်။ ကာကွယ်ဆေးများကို ရန်ကုန်မြို့ရှိကျိုက်ဝိုင်းဘုရားလမ်း Central Cold Chain တွင် သိုလှောင် ထားပြီး၊ ထိုမှတစ်ဆင့် နောက်တစ်နေ့ ဇန်နဝါရီ ၂၃ ရက်တွင် တစ်နိုင်ငံလုံးရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ တစ်ပြိုင်တည်း ဖြန်ဝေခဲ့သည်။ ကနဦးရောက်ရှိလာသည့် အဆိုပါဆေးတစ်သန်းခွဲအား ပြည်သူ ခုနစ်သိန်းခွဲအတွက် ဦးစားပေးအုပ်စုခွဲကာ ပထမအုပ်စုအနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများကို ဗဟိုအဆင့်ဆေးရုံကြီးများ၊ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် ဆေးရုံကြီးများ၊ ခရိုင် အဆင့်ဆေးရုံများနှင့် မြို့နယ်အဆင့်ဆေးရုံများတွင် ဇန်နဝါရီ ၂၇ ရက် နံနက်ပိုင်းမှစတင်ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး (COVISHIELD) ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ပထမဦးဆုံးကိုဗစ်ကာကွယ်ဆေးထိုးနှံခံရသူမှာ နေပြည်တော် ခုတင် ၁၀ဝ၀ ဆေးရုံကြီး မှ အသက် ၅၀ ပတ်ဝန်းကျင် အထက်တန်းသူနာပြုဆရာမကြီးတစ်ဦးဖြစ်သည်။ နိုင်ငံတော်ဘဏ္ဍာငွေ ဖြင့် COVISHEILD/ Astrazeneca ကာကွယ်ဆေးများကို ဝယ်ယူထားပြီးဖြစ်ကာ ဆက်လက်၍ ဖေဖေါ်ဝါရီ ၅ ရက်မှစပြီး ပြည်သူလူထုသို့ ထိုးနှံပေးမည်ဖြစ်သည်။ အဆိုပါ ဆေးထိုးနှံရေးအစီအစဉ်တွင် မိမိအိမ်တွင် နေထိုင်ရေး (Stay at Home) အကျုံးဝင်သော မြို့နယ်များ၌ နေထိုင်ပြီးအသက်ကြီးသူများ၊ အခြားရောဂါ အခံရှိသူများနှင့် ရောဂါရရှိမှု လွယ်ကူသောလူအုပ်စုများကို ဦးစားပေးထိုးနှံသွားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ၌ ၂၀၂၁ ခုနှစ်အတွင်း နိုင်ငံ့လူဦးရေ၏ ၅၀ ရာခိုင်နှုန်းကျော်ကို ထိုးနှံပေးနိုင်ဖွယ်ရှိပြီး၊ ကျန်ရှိ ထိုးနှံပေးရမည့် လူများကိုလည်း အဆင့်ဆင့်ထိုးနှံပေးနိုင်ရန် ရည်ရွယ်ထားသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဆန်းစစ်ချက်များအရ နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်း ထိုးနှံနိုင်မှသာ လွှမ်းခြုံမှုရရှိနိုင်သည်ဟု ပြောသည်။
ကာကွယ်ဆေးထိုးနှံသူများမကြောက်စေလို
ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုနှင့်ပတ်သက်၍ အတွေ့အကြုံမရှိသည့်အတွက် ပြည်သူများ စိုးရိမ်ကြ သည်မှာ သဘာဝကျပါသည်။ သို့သော် ကိုဗစ်-၁၉ ကာကွယ်ဆေး (COVISHIELD) ထိုးနှံခြင်းမပြုမီ ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးအတွင်းရှိ အောက်ဆီဂျင်ပါဝင်မှု ပမာဏတိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထားရှိမှသာ လက်မောင်း၌ ကာကွယ်ဆေးထိုးနှံပေးမည်ဖြစ်ပါသည်။ ဆေးထိုးနှံပြီးသူများကိုလည်း နာရီဝက်ခန့်စောင့်ကြည့်ပြီး စိတ်ချ ရမှုရှိမှသာ ပြန်လည်ထွက်ခွာခွင့်ပြုမည်ဖြစ်ပါသည်။ထို့ပြင် ကိုဗစ်ကာကွယ်ဆေးထိုးနှံချိန် ဓာတ်မတည့် မှုများ ပေါ်ပေါက်လာပါက ကာကွယ်နိုင်ရန်အတွက်ကိုလည်း ကျန်းမာရေးဝန်ထမ်းများအား ကောင်းစွာ ကြိုတင်လေ့ကျင့်ထားပြီး ဖြစ်ပါသည်။ ထို့ကြောင့် ကာကွယ်ဆေးထိုးကြမည့် ပြည်သူများအနေဖြင့် စိုးရိမ်ပူပန်မှု မဖြစ်ကြဘဲသတ်မှတ်ရက်များအတိုင်းပထမအကြိမ် ထိုးနှံပြီးနောက် ၂၈ ရက်အကြာတွင် ဒုတိယအကြိမ် ပြန်လည် ထိုးနှံမှုခံယူပါ။
ယခုထိုးနှံရမည့်ဆေးသည် ဗီဇပြောင်းဗိုင်းရပ်စ်ကိုကာကွယ်နိုင်ပါမည်လားဟု စိုးရိမ်စိတ်မဖြစ်စေလိုပါ။ အဘယ်ကြောင့်ဆိုသော် ကာကွယ်ဆေးသည် ကောင်းမွန်သည့် နည်းလမ်းအမျိုးမျိုးဖြင့် စမ်းသပ်ဖော်စပ်ထားသည့် အတွက် အကယ်၍ မိမိမှာဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်ခံရပါက ရောဂါမပြင်းထန်အောင် ၄င်းထိုးဆေးနှင့် ကိုယ်ခံ စွမ်းအားတို့ကကူညီပေးပါလိမ့်မည်။ နောက်ပိုင်းမှာသင်၏ ကိုယ်ခံအားစနစ်ကဗီဇပြောင်းဗိုင်းရပ်စ်ကိုမှတ်သားသိရှိသွားပြီး၊ နောက်ထပ်တစ်ကြိမ် ကူးစက်မခံရအောင် ကာကွယ်ပေးနိုင်သည်အထိ ဖြစ်လာနိုင်ကြောင်း ပညာရှင်များကအကြံပြုထားပါသည်။ မကြာခင် ကိုယ်ဝန်ဆောင်ရန် အစီအစဉ်ရှိသူ (သို့မဟုတ်) နောင်တစ်ချိန်မှာ ကိုယ်ဝန်ဆောင်ရန် အစီအစဉ်ရှိသူများလည်း ကိုဗစ်-၁၉ ကာကွယ်ဆေးကို စိတ်ချလက်ချ ထိုးနှံနိုင်ပါသည်။
ဆေးအရှိန်တက်ခြင်း လက္ခဏာများ
ကာကွယ်ဆေးထိုးနှံပြီးနောက် ဇီဝစက်ဝန်းအရ ခန္ဓာကိုယ်ထဲတွင် ကိုယ်ခံအားတွေထုတ်လုပ်နေချိန်မှာ အချို့သူများ၌ ဆေး၏ဘေးထွက်အာနိသင်အဖြစ် ဆေးအရှိန်ပြခြင်းကို အနည်းဆုံး ၁၂ နာရီမှ အများဆုံး ၄၈ နာရီခန့်အထိခံစားရနိုင်ဖွယ်ရှိပါသည်။ ၎င်းတို့မှာ -
• ဆေးထိုးထားသောနေရာမှာနာခြင်း၊ နီရဲခြင်း၊ ရောင်ခြင်း (၆၇ရာခိုင်နှုန်း)
• မအီမသာဖြစ်ခြင်း၊ ဖျားခြင်း၊ အန်ခြင်း (၁၈ရာခိုင်နှုန်း )
• ချမ်းစိမ့်စိမ့်ဖြစ်ခြင်း (၅၁ရာခိုင်နှုန်း )
• ကြွက်သားနာကျင်ခြင်း (၆၀ရာခိုင်နှုန်း)
• ပင်ပန်းနွမ်းလျခြင်း (၇၀ရာခိုင်နှုန်း)
• ခေါင်းကိုက်ခြင်း (၆၈ရာခိုင်နှုန်း)
• အဆစ်နာကျင်ခြင်း (၃၁ရာခိုင်နှုန်း )
စသည်တို့ဖြစ်ပေါ်တတ်သည်။
ဆေးထိုးပြီးနောက်ထိုသို့ ခံစားရမှုသည် ကိုယ်ခံအားတွေထွက်လာဖို့ ကိုယ်ခန္ဓာကတုံ့ပြန်သည့် လက္ခဏာများသာ ဖြစ်ပါသည်။ ထို့ကြောင့် စိုးရိမ်ပူပန်ဖို့မလိုဘဲအလွန်ဆုံး၁ - ၂ ရက်အတွင်းမှာပင် သူ့အလိုလိုသက်သာပျောက်ကင်းသွား ပါလိမ့်မည်။ ဖော်ပြပါ လက္ခဏာတချို့ခံစားရပါကပါရာစီတမော့ (အကိုက်အခဲပျောက်ဆေး) ၁ - ၂ လုံးကိုအချိန် ခြောက်နာရီခြားသောက်နိုင်ပါသည်။ ဆေးထိုးပြီးနောက် အနားယူပါ။ အကယ်၍ သုံးရက်ကျော်သည်အထိအထက်ပါ လက္ခဏာများမပျောက်သေးပါက ဆရာဝန်ပြ၍ ဆွေးနွေးအကြံပြုမှုယူပါ။ ထူးခြားဖြစ်စဉ်အဖြစ် ဆေးကို ခန္ဓာကိုယ်ကတုံ့ပြန်ချက်ကြောင့် လည်ပင်းနှင့် ချိုင်းကြားမှာ အကျိတ်ဖုလေးတွေ ထွက်လာတတ်သော်လည်း အလွန်ဆုံးရပ်သတ္တပတ်ခန့်အကြာသူ့အလိုလိုပျောက်သွားပါလိမ့်မည်။
သတိပြု ထိုးနှံရမည့်သူများ
HIV ပိုးကူးစက်ခံထားရသူ၊ AIDS ခုခံအားကျရောဂါရှိသူ၊ ကင်ဆာရောဂါဝေဒနာ ခံစားနေရသူများ၊ ခုခံအားကျစေသော ပဋိဇီဝဆေးဝါး သောက်သုံးနေရသူများသည် ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးနောက် ကိုယ်ခံအားတုံ့ပြန်မှု အားနည်းနေသည့်အတွက် မထိုးနှံခင် ဆရာဝန်ဖြင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးတိုင်ပင် သင့်ပါသည်။ ထို့ပြင် သွေးမတိတ်ရောဂါရှိသူနှင့် သွေးကျဲဆေးသောက်သုံးသူတွေမှာလည်း ဆေးထိုးနှံပြီးနောက် သာမန်လူနှင့်မတူဘဲသွေးထွက်သည့်အနေအထား၊ သွေးမတိတ်သည့် အနေအထားမျိုးတွေရှိလာနိုင်၍ သတိထား သင့်ပါသည်။ ကျောက်ကပ် အစားထိုးသူ (သို့မဟုတ်) ကိုယ်အင်္ဂါအစားထိုးသူ (သို့မဟုတ်) နှလုံးစက်ထည့်ထားသူတွေကလည်းမိမိတို့ ကျန်းမာရေးအခြေအနေကိုဆွေးနွေးပြီးမှ ဆေးထိုးသင့်/မသင့် ဆရာဝန်ဖြင့် ဆွေးနွေး တိုင်ပင်ပါ။ ဖျားနာနေသူများ၊ အအေးမိနှာစေး ဖြစ်နေသူများ၊ အာသီးရောင်ရမ်းလည်ချောင်းနာနေသူများကိုလည်းတချို့နိုင်ငံတွင် ဆေးထိုးသင့်/ မထိုးသင့် ဆရာဝန်များက ဆုံးဖြတ်ကြသည်။
ကာကွယ်ဆေးမထိုးသင့်သူများ
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားလျက်ရှိသူများ၊ ရောဂါလက္ခဏာပြပြီးနောက် အနည်းဆုံးရက်သတ္တနှစ်ပတ် မပြည့်သေးသူများ၊ ကိုယ်ဝန်ရှိသူ နှင့် နို့တိုက်မိခင်များ၊ အသက် ၁၆ နှစ်အောက်ကလေးသူငယ်များနှင့် အသက် ရှူလမ်းကြောင်းဆိုင်ရာရောဂါခံစားနေရသူများမထိုးနှံသင့်ပေ။ ကိုဗစ်ကာကွယ်ဆေးကို ကိုယ်ဝန်သည်နှင့် နို့တိုက်မိခင်များမှာ မည်သည့်နိုင်ငံများတွင်မှ ထိထိရောက်ရောက် မစမ်းသပ်ရသေး၍ ယခုအချိန်မှာ ဆေးထိုးနှံဖို့ မဆုံးဖြတ်ကြပေ။ အသက် ၁၆ နှစ်အောက်ကလေးသူငယ်များမှာ ကိုဗစ်ကာကွယ်ဆေးကို မစမ်းသပ်ရသေးသည့်အပြင်၊ ၎င်းအရွယ်၌ကိုဗစ်-၁၉ ရောဂါဖြစ်နိုင်ခြေနည်း၍ ယခုအချိန်မှာ မထိုးပေးသေး ပါ။ ထို့ပြင် နှလုံးရောဂါဝေဒနာရှင်များ၊ ပင်နီစီလင်စသော သောက်ဆေးထိုးဆေးအလက်ဂျစ်ရှိသူများကိုလည်း အိမ်နီးချင်းနိုင်ငံတချို့တွင် ဆရာဝန်များက ဆေးထိုးနှံခွင့်မပြုပေ။
အချုပ်အားဖြင့် ကိုဗစ်ကာကွယ်ဆေးကို လူတစ်ဦးလျှင် နှစ်ကြိမ်ခွဲထိုးနှံရမည်ဖြစ်ကာ တစ်ကြိမ်ထိုးလျှင် ရောဂါကာကွယ်နိုင်မှု ၅၀ ရာခိုင်နှုန်းအထက်ရှိပြီး၊ ဒုတိယအကြိမ် ထပ်မံထိုးနှံခြင်းမှာ ဆေးအစွမ်းပို ကောင်းမွန်လာစေရန်ဖြစ်သည်။ ယခုထိုးနှံကြမည့် ရောဂါကာကွယ်ဆေးသည်ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပေါ်လာသည့် တစ်နှစ်တာကာလအတွင်း ပေါ်လာသည့်ကာကွယ်ဆေးဖြစ်သည့်အတွက် ရောဂါကူးစက်မှုနှုန်းနှင့် ပြင်းထန်မှုတို့ကိုလည်း လျှော့ချနိုင်မည်ဖြစ်သည်။ ထို့ကြောင့် ကာကွယ်ဆေးထိုးနှံကြမည့် ပြည်သူများအနေဖြင့် စိုးရိမ်ပူပန်မှုမဖြစ်ကြဘဲ မိမိစာရင်းပေးနေထိုင်ရာ မြို့နယ်၊ ရပ်ကွက်တွင် ထိုးနှံရမည့်အလှည့် ရောက်လာပါက မပျက်မကွက် သွားရောက်ထိုးနှံသင့်ပါကြောင်း၊ သတ်မှတ်ကာလအတိုင်း (၂) ကြိမ်တိတိ ထိုးနှံဖို့လိုအပ်ပါကြောင်း နှင့် အကယ်၍သတ်မှတ်နေ့တွင် မထိုးနှံဘဲရှောင်လွှဲသည့်အခါ မိမိအလှည့်ပြန်ရောက်လာဖို့ ကာလတစ်ခုကြာ စောင့်ဆိုင်းရနိုင်ပါကြောင်း စာရေးသူက အကြံပြုလိုက်ရပါသည်။
အထူးမှာကြားလိုသည်မှာ ကိုဗစ်-၁၉ ကာကွယ်ဆေးသည် ရောဂါပြီးဆေး (ကိုဗစ်ပြီးဆေး) မဟုတ်ပါ။ ကာကွယ်ဆေးအလုံအလောက် မရနိုင်သေးချိန် လူတိုင်းနီးပါးဆေးထိုးပြီးမဖြစ်နိုင်သေးသည့်အတွက် ကူးစက်မှုကိုစိုးရိမ်ရပါသည်။ အထူးသဖြင့် ပထမတစ်ကြိမ် ကာကွယ်ဆေးထိုးပြီးပြီးချင်းမဆင်မခြင်နေပါက ကိုဗစ်- ၁၉ ရောဂါ ဖြစ်ပွားနိုင်ပါသေးသည်။ ထို့ကြောင့် ဆေးထိုးပြီးသော်လည်း ပေါ့ပေါ့ဆဆမနေသင့်ဘဲ COVID-19 ရောဂါကာကွယ်ရေးနည်းလမ်းများဖြစ်ကြသည့် နှာခေါင်းစည်း (Mask) တပ်ရန်၊ မျက်နှာအကာ (Face Shield) တပ်ရန်၊ လက်ကိုဆပ်ပြာဖြင့် စက္ကန့် ၂၀ ကြာမကြာမကြာဆေးရန်၊ မလွှဲမရှောင်သာ၍ အိမ်ပြင်ထွက်ရလျှင်လည်း အယ်လ်ကိုဟောလ် ၇၀ ရာခိုင်နှုန်းအထက်ပါသောလက်သန့်ဆေးရည်ဘူးငယ် ဆောင်ထားအသုံးပြုရန်၊ တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာနေပြီး လူစုလူဝေးရှောင်ရှားရန်စသည့်အမူအကျင့်ကောင်း များကို ဆက်လက်ထိန်းသိမ်း လိုက်နာပေးကြပါရန် မေတ္တာရပ်ခံရင်း ဤဆောင်းပါး လေးကိုနိဂုံးချုပ်ပါသည်။
ပေါက်ပေါက်