ရမည်းသင်း ၊ ဖေဖော်ဝါရီ ၂
ဇန်နဝါရီ ၃၀ ရက်၊ ည ၈ နာရီခွဲအချိန် မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရမည်းသင်းမြို့နယ်၊ သိမ်ကုန်းကျေးရွာအုပ်စု၊ သိမ်ကုန်းကျေးရွာနေ နေဇင်လတ်(ခ)စိုးလင်း၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ နေအိမ်အခန်းရှိ သံသေတ္တာအတွင်းနှင့် ကားဂိုဒေါင် အတွင်းရှိ သံပီပါအတွင်းတို့မှ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၉,၅၀၀ ပြား သိမ်းဆည်းရမိခဲ့သဖြင့် နေဇင်လတ် (ခ)စိုးလင်း(၄၆)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁ ရက်၊ နံနက် ၁ နာရီအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် လွိုင်ကော်မြို့နယ်၊ ဆောင်ကန်းကျေးရွာ၊ ဆောင်ကန်းပူးပေါင်းစစ်ဆေးရေးဂိတ်အနီးတွင် နေလင်းထွန်း(ခ)နေဦး မောင်းနှင်ပြီး ဟဲအီ လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေး ရှာဖွေရာ ဟဲအီ မှာ ဆိုင်ကယ်ပေါ်မှခုန်ချထွက်ပြေးသွားပြီး ဆိုင်ကယ်ရှေ့ခွကြားရှိ ဆာလာအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁,၂၀၀ ပြား သိမ်းဆည်းရမိခဲ့သဖြင့် နေလင်းထွန်း(ခ)နေဦး(၂၇)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။ ဆွေဦး