ရန်ကုန် ၊ ဖေဖော်ဝါရီ ၂
ဖေဖော်ဝါရီ ၁ ရက်၊ နံနက် ၇ နာရီအချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၃)လမ်းမကြီးရှိ ဆီဆိုင်အနီး၌ အငှားယာဉ်ပေါ်သို့ ဆာလာအိတ်များတင်ဆောင်နေသူ မဆုမွန်အေး၊ ဇွဲထက်(ခ)ဇော်ထက်လင်းရှိန်နှင့် ဝေမင်းအောင်တို့ကို မသင်္ကာဖွယ်တွေ့ရှိသဖြင့် ဆာလာအိတ်များအား ဖွင့်ဖောက်စစ်ဆေးရှာဖွေရာ ငရုတ်သီးခြောက်များနှင့် ရောနှောသိုဝှက်ထားသည့် ဆေးခြောက် ၂၇ ဒသမ ၆ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် မဆုမွန်အေး(၃၆)နှစ်၊ ဇွဲထက်(ခ)ဇော်ထက်လင်းရှိန်(၂၁)နှစ်၊ ဝေမင်းအောင်(၁၉)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ဇန်နဝါရီ ၃၁ ရက်၊ ညနေ ၆ နာရီခွဲအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များသည် မြစ်ကြီးနားမြို့၊ မြို့သစ်ကြီးရပ်ကွက်နေ မြင့်မော်(ခ)ခန့်မင်းထွန်း၏နေအိမ်သို့ ဝင်ရောက် ရှာဖွေရာ နေအိမ်အိပ်ခန်းရှိ ဆာလာအိတ်အတွင်းမှ ဘိန်းဖြူ ၀ ဒသမ ၂၇ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် မြင့်မော်(ခ)ခန့်မင်းထွန်း(၃၄)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ဆွေဦး