မောင်တော ၊ ဇန်နဝါရီ ၃၁
ဇန်နဝါရီ ၂၇ ရက်၊ နံနက် ၃ နာရီ ၂၀ မိနစ်အချိန်ခန့်၊ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့နယ်၊ ဇင်ပိုင်ညာအုပ်စု၊ သာစည်ကုန်းကျေးရွာရှိ ဆိုင်ခန်း(၁၂၅)ခန်းရှိသော ကျောက်လှေကားဈေးတွင် ပိုင်ရှင် ဦးရှောင်ရှုအာလောင် ၏ (၄၅x၁၅)ပေ ဓနိမိုး၊ ထရံကာ၊ မြေစိုက် လက်ဖက်ရည်ဆိုင်တွင် မီးဖိုမီးကြွင်း မီးကျန်မှတစ်ဆင့် အနီးရှိဝါးထရံသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သိရသဖြင့် မောင်တောခရိုင်နှင့်မြို့နယ် မီးသတ်စခန်းများမှ တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ၄ စီးဖြင့် သွားရောက်၍ မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၄ နာရီ ၄၀ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ပါသည်။
အဆိုပါမီးလောင်မှုကြောင့် ဦးရှောင်ရှုအာလောင်၏ လက်ဖက်ရည်ဆိုင်တစ်ဆိုင်နှင့် ဈေးဆိုင်ခန်း ၂၀ ခန်း မီးလောင်ဆုံးရှုံးခဲ့ပြီး ပိုင်ရှင်ဦးရှောင်ရှုအာလောင်အား မောင်တောမြို့နယ်၊ ပြင်ဖြူနယ်မြေရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
ဇန်နဝါရီ ၂၇ ရက်၊ ည ၁၂ နာရီခွဲအချိန်ခန့်၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ ဖျသီးရပ်၊ အောင်ချမ်းသာလမ်းနေ ပိုင်ရှင် ဦးဘိုမင်း ၏ (၂၁x၁၅)ပေ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း(၂)ထပ်နေအိမ်တွင် မီးပလပ်ခုံအပူလွန်ကဲရာမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားကြောင်း သိရသဖြင့် ရေစကြိုမြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် (၅)စီးဖြင့် သွားရောက်၍ မီးငြှိမ်းသတ်ခဲ့ရာ န့နက် ၁ နာရီအချိန်တွင် မီးငြိမ်းသွားခဲ့ပါသည်။
အဆိုပါမီးလောင်မှုကြောင့် ဦးဘိုမင်း ၏ နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ပိုင်ရှင် ဦးဘိုမင်းအား ရေစကြိုမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ဆွေဦး