နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆီးမထိန်းနိုင်ခြင်း

ဇန်နဝါရီ     ၂၉

ဆီးမထိန်းနိုင်ခြင်းမှာအသက်အရွယ်ကြီးရင့်လို့၊  "စိတ်လိုက်မာန်ပါ" မပြုနိုင်တဲ့အရွယ်မှာတွေ့ရပါတယ်။             
တစ်ခါတစ်ရံသက်လတ်ပိုင်းတွေမှာလည်းတွေ့ရနိုင်တယ်။ ဝမ်းဗိုက်အတွင်းဖိအားများလို့ယိုစိမ့်ခြင်း၊ ဥပမာ-ရယ်ခြင်း၊ ချောင်းဆိုးခြင်း၊ နှာချေခြင်းတွေမှာဆီးကထွက်ကျတတ်ပါတယ်။ အမျိုးသမီးတွေမှာတင်ကြွက်သားအားပျော့လို့၊ အာရုံကြောအရည်လို၊ ဆီးယိုစိမ့်ခြင်းရှိတယ်။ ကလေး(၃-၄)ယောက်ရိုးရိုးမွေးတဲ့ အမျိုးသမီးတွေမှာတွေ့ရတတ်ပါ တယ်။

ဆီးအိမ်ထဲကဆီးများလို့၊ ဆီးသွားချင်လွန်းရင်အိမ်သာမရောက်ဘဲဆီးယိုစိမ့်မှုဖြစ်တယ်။ ဆီးအိမ်ရောင်ရမ်းလို့ အာရုံကြောရောင်ရမ်းခြင်းဖြစ်တယ်။ ဆီးအိမ်ထဲကိုကျောက်ကပ်နှလုံးမှဆီးစိမ့်ဝင်နေလို့အချိန်မီ မသွားရင်အမြဲလိုလိုကျင်ချောင်းမှဆီးသွားခြင်း၊ ဆီးလျှံခြင်း  မျိုးဖြစ်တယ်။ ဆီးအိမ်မှဆီးသွားလိုတဲ့ဆန္ဒများခြင်း၊ ဖိအားမြင့်တက်လာခြင်း ကဆီးကိုမထိန်းနိုင်ခြင်း ဖြစ်တယ်။

အမျိုးသမီးတွေမှာအမျိုးသားထက်ဆီးယိုစိမ့်မှုပိုများတယ်။ အသက်(၅၀-၆၀)ကျော်ကလေး(၃-၄) ယောက် မွေးထားတဲ့မိန်းမကြီးတွေမှာပိုအဖြစ်များတယ်။ တင်ပါးဆုံအတွင်းကြွက်သားမသန်မာလို့ ဖိအားမြင့်လာလို့ ယိုစိမ့်ခြင်း ဖြစ်တယ်။ အချို့ဦးနှောက်မှာရောဂါရှိနေတာကြောင့်ဆီးယိုစိမ့်နိုင်တယ်။ ဥပမာ - အယ်ဇိုင်းမား (Elzhemer's disease)ရောဂါမျိုးဖြစ်တယ်။

အမျိုးသမီးတွေမှာဝမ်းတွင်းဖိအားမြှင့်စမ်းသပ်ခြင်း၊ လူနာကိုချောင်းဆိုးစေခြင်းနည်းနဲ့ဆီးစိမ့်၊ မစိမ့်ကြည့်နိုင်တယ်။ ဆီးထဲရောဂါရှိ၊ မရှိစစ်သင့်တယ်။ တတိယ သွေးတိုးရှိ၊မရှိစစ်သင့်တယ်။ စတုတ္ထကကျောက်ကပ်နဲ့ဆီးလမ်းကြောင်းကိုအာထရာဆောင်း (Ultrasound) ရိုက်ကြည့်နိုင်တယ်။ ပဉ္စမနည်းက ဆီးအိမ်ထဲပိုက်ထည့်ကြည့်ကာ ဆီးလမ်းကြောင်း အခြေအနေသိနိုင်တယ်။ ဆဌမနည်းကအခြားရောဂါများ ဥပမာ-ဆီးကျောက်ရှိခြင်း၊ အသားပိုမှအသားစယူကြည့် ခြင်းတို့ဖြစ်တယ်။ ကုသမှုမျိုးစုံလည်းဖြစ်တဲ့ရောဂါအလိုက် ကုသပေးပါတယ်။

လေ့ကျင့်ခန်းလုပ်ပေးသင့်တယ်။ ဆီးအိမ်ကို‌ထောက်ခံထားတဲ့ကြွက်သားတွေသန်မာစေဖို့ လေ့ကျင့်ပေးသင့်ပါ တယ်။ ကလေးမွေးပြီးစ မိန်းမတိုင်း ထိုင်ထလေ့ကျင့်ခန်းလုပ်ပေးသင့်တယ်။ နောက်တစ်နည်းကလျှပ်စစ်နဲ့လှုံ့ဆော် နည်းဇီဝပြန်လှန်သတင်းပို့ခြင်းနည်း၊ ဆီးအိမ်ကိုထိန်းသိမ်းမှုလေ့ကျင့်ခြင်းနည်း၊ ဆေးဝါးများသုံးစွဲခြင်းနည်း၊ ခွဲစိတ် ကုသနည်းနဲ့အခြားနည်းများစတဲ့ ကုသမှုစုံလင်ပါတယ်။
ကလေးတွေလည်းဆီးထွက်ကျနိုင်တယ်။ ကြွက်သားအာရုံကြောများ၊ မရင့်ကျက်သေးရင်ဆီးထွက်ကျတယ်။ ညဘက်သေးပါခြင်းနဲ့အတူနေရာတိုင်း၊ နေ့တိုင်းဆီးထွက်နေတတ်တယ်။ ပုံမမှန်ဆီးသွားတာ(၅-၁၀)နှစ်ကြားမှာ ၁၀ ရာခိုင်နှုန်း၊ (၁၀-၁၈) ကြားမှာ ၅ ရာခိုင်နှုန်း (၁၈)နှစ်အထက် ၁ ရာခိုင်နှုန်းတို့ဖြစ်တယ်။ ကလေးအိပ်ရာထဲသေးပါရင်(သေးပေါက်ရင်)၊ ပုံမှန်ဖွံ့ဖြိုးမှုဖြစ်တယ်။

ဆီးအိမ်သေးလွန်ခြင်း၊ ရေသောက်များခြင်း၊ ကော်ဖီသောက်ခြင်း၊ ကျောက်ကပ် မှဆီးထွက်များခြင်းတို့ကြောင့်ဖြစ်တယ်။ နောက်ထပ်ဖြစ်နိုင်တာကကလေးရဲ့ စိတ်ဟာပူပင်မှုရှိနေလို့ မိဘကဆူလို့၊ ကြောက်လွန်းလို့၊ အခြားတစ်ဦးထပ်‌မွေးလို့ဖြစ်တတ်တယ်။ မျိုးဗီဇကြောင့်ဖြစ်နိုင်ပါတယ်။ ခရိုမိုဆုမ်း(၁၃)မှာကလေး ညဘက်၊ အိပ်ရာထဲသေးပါတဲ့ဗီဇတွေ့ရှိပြီဆိုတယ်။ ဆီးလမ်းကြောင်းပိတ်ဆို့ခြင်း၊ ဥပမာ-လိင်တံထိပ် ဖူးကြောင့် ကလေးများဆီးမထိန်းနိုင်ဖြစ်စေတယ်။
ကလေးတွေအိပ်ရာထဲဆီးမပေါက်အောင် ညဘက်တစ်ရေးနိုးရင်ဆီးထတည်သင့်တယ်။ ဆီးကကြည်နေသင့်တယ်။ ညဘက်ရေများများ၊ အချိုရည်များများမတိုက်သင့်ဘူး။ အိပ်ရာမဝင်ခင်ဆီးတည်ပေးသင့်တယ်။ ကလေးဟာဆီးလမ်း ကြောင်းပိတ်ဆို့နေရင်၊ ဥပမာ-လိင်တံထိပ်ဖူး (Phimosis) ဖြစ်ရင်၊ ဆီးသွားတာခဏ၊ခဏဖြစ်ကာ ဆီးလမ်းပိုးဝင်နိုင်ပါတယ်။ အချို့ဘာသာဝင်တွေမှာလိင်တံထိပ်ဖူးကို ငယ်ငယ်လေးကတည်းကဖြတ်တောက်ပေးထားလို့၊ အိပ်ရာထဲ ဆီးပေါက်တဲ့အကျင့်ပျောက်သွားတယ်။ ညနက်ပိုင်းဆီးထပြီးတည်သင့်ပါတယ်။
အမျိုးသမီးများကလေးမွေးရင်အတင်းတွန်းချတာမျိုးမလုပ်သင့်ပါဘူး။ ဆီးမကြာခဏသွားပေးရမယ်။ (သို့)        လိုအပ်ရင်ခွဲစိတ်မွေးဖွားသင့်ပါတယ်။ သားသမီးမွေးပြီးတိုင်းတင်ပဆုံကြွက်သား၊ ပိုကောင်းစေဖို့ထိုင်ထလေ့ကျင့်ခန်း လုပ်ပေးသင့်ပါတယ်။ သည့်ထက်ဆိုးပြီးသားအိမ်ထွက်ကျတာမျိုး ဆိုရင်အမျိုးသမီးဆီးတွေကသားအိမ်ထဲရောက်ကာပိုးဝင်နိုင်ပါတယ်။ သားဖွား/မီးယပ်ပါရဂူနဲ့ပြသသင့်ပါတယ်။

သားအိမ်ဖြတ်တောက်ခြင်း(သို့)လိုအပ်တဲ့ခွဲစိတ်ကုသမှုလုပ်ပေးလိုက်ရင်ပြန်ကောင်းတတ်ပါတယ်။
အသက်ကြီးအမျိုးသားတွေမှာ ဆီးကျိတ်ရောင်ရမ်းမှု (BPH-Benighm Prostate Hypertrophy) ဖြစ်ကာ ဆီးမကြာခဏသွားခြင်း၊ ဆီးသွားမဝခြင်း၊ ညဘက်ဆီးမကြာခဏသွားလို့အိပ်မရခြင်း၊ အိပ်ရာထဲဆီးပါခြင်းမျိုးဖြစ်တတ် တယ်။

ဆီးကျိတ်ဟာအသက်ကြီးပိုင်းမှာပုံမှန်ကြီးတတ်ပေမယ့်၊ ဆီးကျိတ်ကင်ဆာမဖြစ်ရအောင်ကျောက်ကပ်နှင့်      ဆီးလမ်းကြောင်းခွဲစိတ်ပါရဂူနဲ့ပြသင့်တယ်။ ဆီးကျိတ်ကိုခွဲစိတ်ခြင်း၊ ဓာတ်ရောင်ခြည်ပေးခြင်း၊ ကင်ဆာဆေးပေးခြင်း၊‌ ဟော်မုန်းကုထုံးများပေးခြင်းတစ်နည်းထက် ပိုပြီးကုသမှုခံယူသင့်ပါတယ်။ ဆီးကျိတ်ကင်ဆာဟာစောစောတွေ့ရှိလို့ကုသမှုခံယူရင်လူကောင်းနီးပါးပြန်ဖြစ်သွားတတ်တယ်။ ခွဲစိတ်ပြီးစမှာဆီးပိုက်နဲ့ဆီးအိမ်က အလေ့အကျင့်ပြန်ရောက် အောင်ကျင့်ပေးတတ်ပါတယ်။ ကိုယ့်ဖာသာဆီးထိန်းနိုင်ပြီဆိုရင်တော့ ဆီးပိုက်ဖြုတ်ကာ၊ပုံမှန်သွားစေပါတယ်။

ဆီးလမ်းကြောင်းပိုးဝင်ခြင်းမှာ လိင်အပျော်အပါးပြုရာကလိင်မှတစ်ဆင့်ကူးစက်ရောဂါများဥပမာ-ဆစ်ဖလစ် (Syphiliss)၊ ဂနို(Gonorrhoeal)၊ ရှန်ကာ၊ ရောဂါများဖြစ်ရင် ဆီးမကြာခဏသွားခြင်း၊ ဆီးထဲပြည်ပါခြင်း၊ ဆီးအောင့် ခြင်း၊ဆီးလမ်းကြောင်းရောင်ရမ်းခြင်းတို့ကြောင့် ဆီးမထိန်းနိုင်ဖြစ်တတ်တယ်။ ဆီးပိုးစစ်ဆေးကာ ဂနို (Gonorrhoeal)ဖြစ်ပါကပင်နယ်ဆလင်၊ ဂျင်တယ်မိုင်ဆင် (Gentamicin) တစ်နေ့(၂)ကြိမ်(၅-၇)ရက်ထိုးခြင်း၊ ပင်နယ်ဆလင်စား ဆေး(Amoxicillin 500 mg)တစ်နေ့(၃)ကြိမ်(၅-၇)ရက်ပေးခြင်းနဲ့ကုသနိုင်ပါတယ်။ ဆစ်ဖလစ်ပိုးဟာသွေးထဲရောက် ကာနှလုံးအတိုက်ခံရပြီး၊ ဦးနှောက်အတိုက်ခံရခြင်းတို့ဖြစ်စေနိုင်လို့၊ ‌ရောဂါအပြတ်ပြတ်အောင်ကုသ‌စေသင့်ပါတယ်။ ရောဂါပျောက်သွားရင်ဆီးထိန်းလာနိုင်ပါမယ်။ လိင်ဆက်ဆံတဲ့အခါ အစွပ် (Condom) သုံးခြင်းကလိင်မှတစ်ဆင့် ကူးစက်ရောဂါလျော့စေတယ်။

မြန်မာလူမျိုးတွေငရုတ်သီးအစပ်ကြိုက်တတ်တယ်။ တညင်းသီး၊ ဆူးပုပ်ရွက်ကြိုက်တတ်တယ်။ အဆိုပါ ပစ္စည်းတွေဟာကျောက်ကပ်နဲ့ဆီးလမ်းကြောင်းကို ယာယီဒုက္ခပေးကာဆီးမထိန်းနိုင်ခြင်း၊ ဆီးအောင့်ခြင်း၊ ကျောက်ကပ် ပျက်စီးခြင်းဖြစ်စေလို့ ရှောင်ကြဉ်သင့်ပါတယ်။ နေ့စဉ်သောက်ရေသန့်(၂)လီတာ‌သောက်ပေးသင့်ပါတယ်။ ။
 
ဒေါက်တာလွင်သန့်






အခြားဆက်စပ်သတင်းများ