နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ခရီးသွားကဏ္ဍစနစ်တကျပြန်လည်ဦးမော့ရန်ဖော်ဆောင်သည့် ဧရာဝတီတိုင်းဒေသကြီး အပန်းဖြေခရီးစဉ်အတွက်ကြိုးပမ်း

ရန်ကုန် ဇန်နဝါရီ ၂၇


ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ကာလတွင် ပြည်တွင်းခရီးသွားလုပ်ငန်းကိုစနစ်တကျဖြင့် ပြန်လည်ဦးမော့လာစေမည့် ခရီးသွားလုပ်ငန်းအချို့ကို ဖော်ဆောင်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီးအတွင်း ရှိချောင်းသာ၊ ငွေဆောင်အပန်းဖြေခရီးသွားကဏ္ဍကိုရောဂါကာကွယ် ထိန်းချုပ်ရေးစည်းကမ်းသတ်မှတ်ချက် နှင့်အညီ အပန်းဖြေနိုင်ရန်ခရီးသွားလုပ်ငန်းရှင်များအသင်းက ကြိုးပမ်းနေကြောင်းသိရသည်။

ကမ္ဘာ့ကပ်ရောဂါကိုအခြားနိုင်ငံများနည်းတူ ရင်ဆိုင်နေရသောမြန်မာနိုင်ငံအနေဖြင့် ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့်ကုသရေးကိုမျက်ခြေမပြတ် ကြပ်မတ်ဆောင်ရွက်လျက်ရှိသည့်နည်းတူ ကိုဗစ်-၁၉ လွန် ကာလတွင်လည်း ပြည်တွင်းစီးပွားရေးကဏ္ဍလျင်မြန်စွာဦးမော့နိုင်ရန် ဆောင်ရွက်လျက်ရှိရာ ပြည်တွင်းခရီးသွားလုပ်ငန်းစုများအနေဖြင့်လည်း မွန်းကြပ်မှုကို ဖြေ‌လျှော့ပေးစေမည့် ခရီးတိုအပမ်းဖြေလုပ်ငန်းတို့ကို ၂၀၂၀ ပြည့်နှစ်၊ နှစ်ကုန်ပိုင်းတွင် ရန်ကုန်မြို့၌ ဖော်ဆောင်ခဲ့ရာ ရန်ကုန်မြစ်အတွင်းအပျော်စီးသင်္ဘောခရီးစဉ် များဖြင့် ရန်ကုန်မြို့နေပြည်သူများ စိတ်လက်ပေါ့ပါးစွာပျော်ရွှင်မှုကိုရရှိခဲ့ကြောင်းသိရသည်။

အဆိုပါမြစ်အတွင်းအပျော်စီးသင်္ဘောခရီးစဉ်ကို ခရီးသွားလုပ်ငန်းရှင်များအသင်းကဒီဇင်ဘာ ၂၂ ရက်မှ စတင်၍ အကောင်အထည်ဖော်ခဲ့ပြီး ဇန်နဝါရီ ၄ ရက်တွင် ရပ်နားထားခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးတွင်လည်း ခရီးသွားလုပ်ငန်းပြန်လည်အသက်ဝင်စေမည့် ချောင်းသာနှင့်ငွေဆောင်မိသားစု အပန်းဖြေခရီးစဉ်ကို စတင် နိုင်ရန် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တင်ပြထားကြောင်းသိရသည်။

"မိသားစုအပန်းဖြေပြည်တွင်းခရီးစဉ်ဖြစ်တဲ့ ချောင်းသာ၊ ငွေဆောင်ခရီးစဉ်ကိုဧရာဝတီတိုင်းဒေသကြီးအစိုးရထံ တင်ပြထားတာရှိပါတယ်။ ဇန်နဝါရီနောက်ဆုံးပတ်မသိရသေးရင် ဖေဖော်ဝါရီလဆိုရင် အဖြေသိနိုင်ပါတယ်။ မိသားစုလေးဦးပါတဲ့ မိမိကားကိုကိုယ်တိုင်မောင်းပြီးသွားလာမယ့်အပန်းဖြေခရီးစဉ်တစ်ခုပါ။ ယာဉ် ၁၀ စီး လက်ခံပြီးတော့ဘယ်နေရာမှမဝင်ဘဲ သတ်မှတ်ထားတဲ့ဟိုတယ်ကို တိုက်ရိုက်သွားမယ်။ အဲဒီမှာကျန်းမာရေး ကဏ္ဍအနေ နဲ့ဟိုတယ်ကိုလည်းစစ်ဆေးထားပြီး အပန်းဖြေသူတွေအနေနဲ့အခြားပြင်ပကိုသွားလို့မရပါဘူး။ သတ်မှတ်ထားတဲ့နေရာမှာပဲအပန်းဖြေရမှာပါ။ ဒေသခံတွေနဲ့ထိတွေ့မှုနဲတဲ့အတွက် ရောဂါကာကွယ် ထိန်းချုပ်မှုလည်းရစေမှာပါ။ တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုစီမံချက်အသေးစိတ်နှစ်ကြိမ် တင်ပြထားပြီးပါပြီ။ ခွင့်ပြုချက်ရရင်ခရီးစဉ်စတင်မှာပါ" ဟု ခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌဦးနောင်းနောင်းကပြောသည်။

အဆိုပါခရီးစဉ်တွင် ငွေဆောင်၊ ချောင်းသာမှ အခြားသောအပန်းဖြေနေရာများသို့ သွားလာခွင့်မရှိဘဲ ထိန်းချုပ်ကွပ်ကဲသွားမည်ဖြစ်ပြီး မှန်လုံယာဉ်ထက်မိမိကိုယ်ပိုင်ယာဉ်ဖြင့် မိသားစု၊ ဆွေမျိုးမိတ်ဆွေနှင့်သွားလာခြင်းဖြစ်သောကြောင့် ရောဂါကာကွယ်ရေးအတွက် လုံခြုံစိတ်ချမှုကိုရရှိစေမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးလမ်းညွှန်ချက်နှင့်အညီဆောင်ရွက်ထားသော ထိုအပန်းဖြေခရီးစဉ်သည် ကိုဗစ်-၁၉ နှင့်ယှဉ်တွဲ၍ ပြည်တွင်းခရီးသွားကဏ္ဍကို ဦးမော့စေရန်ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ရာ ကိုဗစ်လွန်ကာလတွင် ရန်ကုန်မြို့၏ ခရီးသွားကဏ္ဍကို အရှိန်ရစေမည်ဖြစ်သောကြောင့် ပြည်တွင်းခရီးသွားလုပ်ငန်းဖြင့် ရန်ကုန်မြို့၏စီးပွားရေးကဏ္ဍ လျင်မြန်စွာစတင်နိုင်သော မျှော်မှန်းချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ထိုခရီးစဉ်ကိုခွင့်ပြုချက်ရရှိပါက နှစ်ညအိပ်သုံးရက်ခရီးစဉ်အဖြစ်ဆောင်ရွက်မည်ဖြစ်ပြီး တိုင်းဒေသကြီးနှစ်ခု၏ ခရီးသွားလုပ်ငန်းအတွက် အထောက်အပံ့ဖြစ်စေမည်ဖြစ်ကြောင်းသိရသည်။

ကိုဗစ်-၁၉ကာလအတွင်း ပြည်တွင်းခရီးသွားလုပ်ငန်းကို စနစ်တကျစည်းကမ်းဖြင့် ပြန်လည်စတင်နိုင်ရန်နှင့် နိုင်ငံတော်ကချမှတ်ထားသော လမ်းညွှန်မှုနှင့်အညီ ရောဂါကာကွယ်ထိန်းချုပ်ရေးကိုဆောင်ရွက်လျက် အဆိုပါစမ်းသပ်သော အပန်းဖြေခရီးစဉ်းများအောင်မြင်ပါက ခရီးသွားကုမ္ပဏီများသတ်မှတ်စည်းကမ်းဖြင့် ပြည်တွင်းခရီးသွားကဏ္ဍကို ကိုဗစ်-၁၉ နှင့်ယှဉ်တွဲ၍ ဆက်လက်လုပ်ဆောင်နိုင်မည်ဖြစ်ရာ ပြည်တွင်းသာမက ပြည်ပခရီးသွားလုပ်ငန်းများ ပြန်လည်အသက်ဝင်လာပါကရန်ကုန်မြို့၏ခရီးသွားလုပ်ငန်းမှာ အသင့်ရှိနေပြီဖြစ်၍ လက်ရှိဆောင်ရွက်နေသော ပြည်တွင်းခရီးသွားလုပ်ငန်းများ စနစ်တကျ ပြန်လည်ဦးမော့စေမည့် ဧရာဝတီတိုင်းဒေသကြီး အပန်းဖြေခရီးစဉ်ကိုလည်း ခရီးသွားလုပ်ငန်းရှင်များအသင်းက ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ်ကြောင်းသိရသည်။


ဓာတ်ပုံ-ကနူး-(၁၁၂)။






အခြားဆက်စပ်သတင်းများ