မှော်ဘီ၊ ဇန်နဝါရီ ၂၇
ဇန်နဝါရီ ၁၀ ရက်တွင် မှော်ဘီမြို့နယ်၊ ဖူးကြီးရေလှောင်ကန်ဘောင်ပေါ်သို့ လာရောက် အပန်းဖြေကြသူ များထံမှ လက်ကိုင်ဖုန်း၊ ဆိုင်ကယ်နှင့် ရွှေထည်ပစ္စည်းများ ခြိမ်းခြောက်လုယူ သွားသည့် နေလအောင်(ခ)ဇောင်းကြီး(ခ)ချီးကုတ်၊ ပြည့်ဖြိုးကျော်(ခ)ကရင်နှင့် ဇော်မျိုးမင်း(ခ) ဂျပု(ခ)မိုးသက်ဇော်တို့ ၃ ဦးကိုကို ထပ်မံ စစ်ဆေးခဲ့ရာ ၎င်းတို့ ၃ ဦးသည် မှော်ဘီမြို့နယ်၊ မြောင်းတကာစက်မှုဇုန်၊ ကမ်းနားလမ်းနေ ကိုရှိုင်းနှင့်အတူ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်မှ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီအထိ မှော်ဘီမြို့နယ်၊ တိုက်ကြီးမြို့နယ်နှင့် ထန်းတပင် မြို့နယ်တို့အတွင်း လှည့်လည်သွားလာ၍ ဆိုင်ကယ်(၂)စီးနှင့် လက်ကိုင်ဖုန်း(၂)လုံးအား လုယူခဲ့ကြောင်း၊ ထို့ပြင် လမ်းဘေးနေအိမ်များနှင့် စက်ရုံများတွင်သွယ်တန်းထားသော ကြေးကြိုးများအား ဖြတ်တောက် ခိုးယူခဲ့ကြောင်း၊ ခိုးယူရရှိသည့်ပစ္စည်းများအား ရောင်းချခဲ့ရာ စုစုပေါင်းတန်ဖိုးငွေ ၁,၅၈၃,၀၀၀ ကျပ်အား ရရှိခဲ့ကြကြောင်း ထပ်မံစစ်ဆေးပေါ်ပေါက်သဖြင့် ပူးပေါင်းပါဝင်သူ ကိုရှိုင်းအား ဇန်နဝါရီ ၁၈ ရက် နံနက် ၁၀ နာရီ ၁၅ မိနစ် အချိန်တွင် အမှုဖြင့်ဖမ်းဆီးခဲ့ပါသည်။
သက်သေခံပစ္စည်း ဖုန်း၊ ဆိုင်ကယ်နှင့် ကြေးကြိုးများအား ပြန်လည်သိမ်းဆည်း ရရှိပြီး ဖြစ်၍ ပြစ်မှု ကျူးလွန်သူ ပြည့်ဖြိုးကျော်(ခ)ကရင် ပါ(၄)ဦးကို ဥပဒေနှင့်အညီ အမြန်တရားစွဲ တင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
ဆွေဦး