နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အဝေးပြေးရထားများ အားထားစီးနင်းသူများလာ

ယခုအခါ ရန်ကုန်မြို့ပတ်ရထားစီးနင်းသော ခရီးသည်လျော့နည်းလာသော်လည်း အဝေးပြေးရထားစီးနင်းသည့် ခရီးသည်များမှာ အားထားစီးနင်းလာကြကြောင်း မြန်မာ့မီးရထားမှ သိရသည်။ “မြို့ပတ်က အရင်ထက်စာရင်တော့ တစ်ရက်ကို ၅၀၀၀-၆၀၀၀ လောက် လျော့သွားတယ်၊ အဝေးပြေးရထား စီးနင်းတဲ့ သူတွေ တိုးလာတယ်၊ ကျောင်းတွေကလည်း ပိတ်တာကြောင့်ပါမယ်၊ ကိုယ့်ရဲ့နေရပ်ဒေသအသီးသီးကို ပြန်ကြတာ ကြောင့်လည်းပါမယ်”ဟု မြန်မာ့မီးရထား တိုင်းအမှတ်(၇) မှ မန်နေဂျာ ဦးဇော်လွင် က ရှင်းပြသည်။ ရထားစီးခရီးသည်များအတွက် ရန်ကုန်ဘူတာကြီးမှာ အချက်အချာကျပြီး နေရပ်ဒေသ နယ်ပယ်အသီးသီးကို ပြန်ကြသော ခရီးသည်အများစုမှာ ရန်ကုန်ဘူတာကြီးမှ အခြေပြုပြန်ကြသည့်အတွက် COVID 19 ကြိုတင်ကာကွယ်ရေးအတွက် အစီအမံများကို ချမှတ်ကာ လုပ်ဆောင်နေကြောင်း၊ ဝန်ထမ်းများကို တာဝန်ချ၍ ဝင်ပေါက်တွင် ကိုယ်အပူချိန်တိုင်းတာခြင်း၊ လက်သန့်ဆေးများဖြင့် လက်သန့်စင်ခိုင်းခြင်းတို့အပြင် လက်ဆေးကန် များကိုလည်း ထားရှိကာ ခရီးသည်များ၏ ကျန်းမာရေးအတွက် အဓိကထားကာ လုပ်ဆောင်ပေးနေကြောင်း သိရသည်။ “ရန်ကုန်ဘူတာကြီးကလည်း အရေးကြီးပါတယ်၊ ဒီကနေ တစ်ပြည်လုံးကို ပျံ့တာပေါ့၊ ခရီးသွားလာမှု ကိုလေ၊ ရန်ကုန်ဘူတာကြီးမှာ စီးနင်းလိုက်ပါကြတဲ့ ခရီးသည်တွေရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့က လိုအပ်တဲ့ စစ်ဆေးမှုတွေနဲ့ ကြိုတင်ကာကွယ်မှုတွေနဲ့ ကြိုးစားပြီးတော့ မြန်မာ့မီးရထားအနေနဲ့ ဆောင်ရွက်ပေးလျက် ရှိပါတယ်”ဟု ယင်းက ဆက်လက်ရှင်းပြသည်။ ထို့အပြင် အမှတ် ၅ အဆန်၊ ၆ အစုန်၊ ရန်ကုန်-မန္တလေးရထားနှင့် အမှတ် ၇၁ အဆန် ၇၂ အစုန် ရန်ကုန်-ပြည် ရထား များပေါ်တွင်ရှိသည့် လက်ဆေးကန်များတွင်လည်း ဆပ်ပြာဆီများကို ထားပေးပြီး ကျန်ရှိသည့် အခြားသောအဝေးပြေး ရထားများတွင်လည်း ယင်းကဲ့သို့ထားနိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။ “အရင်တုန်းက ကားစီးဖြစ်တယ်၊ အခု ရထားလာစီးတာ၊ ရထားကစနစ်ကျတယ်၊ ကားဘာလို့မစီးလဲဆိုတော့ တကယ်လို့ ကိုယ်စီးတဲ့ကားပေါ်မှာ ကိုဗစ် Positive တစ်ယောက်ယောက်များ ပါခဲ့ရင် ကိုယ်ပါသက်သက်မဲ့ စိတ်သောကရောက်ရမယ်လေ၊ ရထားကတော့ အစ ကတည်းက တင်းတင်းကျပ်ကျပ်စစ်နေတာဆိုတော့ ခရီးသွားရတဲ့အချိန်က ကားထက်ပိုကြာပေမယ့် ရထားပဲ စီးဖြစ်တယ်”ဟု ရထားဖြင့် နယ်ပြန်မည့် ခရီးသည် တစ်ဦးဖြစ်သူ ကိုမောင်မောင်သန့်က ပြောသည်။ လက်ရှိကာလတွင် တစ်ရက်လျှင် ခရီးသည်ပျမ်းမျှ ၃၅၀၀ ဝန်းကျင်လောက်ဖြင့် အဝေးပြေးရထားများကို စီးနင်းနေကြကြောင်း မြန်မာ့မီးရထားမှ သိရသည်။ (HK)






အခြားဆက်စပ်သတင်းများ