ဝါရှင်တန် ဇန်နဝါရီ ၂၅
ဒုံးပျံတစ်စင်းတည်းဖြင့် အာကာသအတွင်းသို့ ဂြိုဟ်တု ၁၄၃ စင်းလွှတ်တင်ပြီး ကမ္ဘာ့စံချိန်သစ် တင်နိုင်ခဲ့သည်။ ပြီးခဲ့သည့်တနင်္ဂနွေနေ့က ဖလော်ရီဒါပြည်နယ် ဒုံးပျံလွှတ်တင်ရေးစခန်းတွင် SpaceX Falcon ဒုံးပျံကိုအသုံးပြုပြီး အရွယ်အစား၊ ပုံစံအမျိုးမျိုးရှိသည့် ဂြိုဟ်တု ၁၄၃ လုံးကို ကမ္ဘာပတ်လမ်းအတွင်း လွှတ်တင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါပမာဏမှာ ၂၀၁၇ ခုနှစ်က အိန္ဒိယနိုင်ငံ၏ ဒုံးပျံတစ်စင်းဖြင့် ဂြိုဟ်တု ၁၀၄ လုံး လွှတ်တင်ခဲ့သည့်စံချိန်ကို ချိုးဖျက်နိုင်ခဲ့သည်။
ယခုကဲ့သို့ စံချိန်သစ်တင်နိုင်ခဲ့ခြင်းမှာ အာကာသဆိုင်ရာ လုပ်ဆောင်မှုများတွင် စွမ်းဆောင်မှုပိုကောင်းစေရန်အတွက် တည်ဆောက်မှုဆိုင်ရာ အပြောင်းအလဲကြီးများ ဖြစ်ပေါ်နေသည့် သက်သေအထောက်အထားတစ်ရပ် ဖြစ်သည်။
စမတ်ဖုန်းကဲ့သို့ အီလက်ထရောနစ်ပစ္စည်းများမှဖြုတ်ယူနိုင်သည့် စရိတ်နည်းအစိတ်အပိုင်းများကို အသုံးပြုပြီး ကျစ်လျစ်မာကျောသည့်၊ သေးငယ်သည့်ဂြိုဟ်တုများ တည်ဆောက်လာကြခြင်းကြောင့် ဂြိုဟ်တု တည်ဆောက်နိုင်စွမ်း ပိုမိုတွင်ကျယ်လာ၍ ယခုကဲ့သို့ စံချိန်သစ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။ SpaceX ကုမ္ပဏီက ဂြိုဟ်တုများကို ကမ္ဘာပတ်လမ်းအတွင်းပို့ဆောင်ရန် အမေရိကန်ဒေါ်လာတစ်သန်းသာ ကောက်ခံခြင်းကြောင့် အာကာသဆိုင်ရာ စီးပွားရေးအခွင့်အလမ်းများ ပိုမိုပွင့်လန်းလာဖွယ်ရှိနေသည်။
(KNT)