ဘေဂျင်း ဇန်နဝါရီ ၂၅
တရုတ်နိုင်ငံမှာ အမေရိကန်နိုင်ငံကိုကျော်ဖြတ်ပြီး ကမ္ဘာပေါ်တွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့ကြောင်း ကုလသမဂ္ဂ၏ ကိန်းဂဏန်းအချက်အလက်များတွင် ဖော်ပြထား သည်။ ပြီးခဲ့သည့်နှစ်တွင် အမေရိကန်နိုင်ငံသို့ နိုင်ငံခြားကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံသစ်ဝင်ရောက်မှု တစ်ဝက်နီးပါး ကျဆင်းခဲ့ခြင်းကြောင့် ကမ္ဘာ့နံပါတ် (၁) နေရာမှ ဖယ်ပေးခဲ့ရခြင်းဖြစ်သည်။
သို့သော် ပြီးခဲ့သည့်နှစ်က တရုတ်ကုမ္ပဏီများထံသို့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ရာ တရုတ်နိုင်ငံက အမေရိကန်ကို ကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု စာရင်းတွင် တရုတ်နိုင်ငံက ကမ္ဘာ့နံပါတ်(၁) ဖြစ်လာခဲ့ခြင်းမှာ ကမ္ဘာ့စီးပွားရေးလောကတွင် တရုတ်နိုင်ငံ၏ လွှမ်းမိုးမှုကြီးထွားလာခြင်းကို ဖော်ပြနေသည်။
ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကုလသမဂ္ဂညီလာခံတွင်တင်ပြခဲ့သည့် အစီရင်ခံစာအရ ပြီးခဲ့သည့်နှစ်တွင် တရုတ်နိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၆၃ ဘီလျံဝင်ရောက်ခဲ့ပြီး အမေရိကန်နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၁၃၄ ဘီလျံသာ ဝင်ရောက်ခဲ့ကြောင်း တွေ့ရသည်။ ၂၀၁၉ ခုနှစ်တွင် အမေရိကန်နိုင်ငံက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၂၅၁ ဘီလျံရရှိခဲ့ပြီး တရုတ်နိုင်ငံက အမေရိကန်ဒေါ်လာ ၁၄၀ ဘီလျံရရှိခဲ့သည်။
(KNT)