နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရုရှားနိုင်ငံတစ်ဝန်း ဆန္ဒပြပွဲများတွင် လူ ၂၁၀၀ ကျော်ကို ဖမ်းဆီး

မော်စကို၊ ဇန်နဝါရီ ၂၄


အကျဉ်းကျခံနေရသည့် အတိုက်အခံခေါင်းဆောင် နာဗယ်နီကို ထောက်ခံသည့် နိုင်ငံတစ်ဝန်း ဆန္ဒပြပွဲများ တွင် ရုရှားရဲတပ်ဖွဲ့က လူ ၂၀၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း စောင့်ကြည့်လေ့လာသူများက ပြောသည်။ 

ရဲတပ်ဖွဲ့လုံခြုံရေးအင်အား အများအပြား ချထားသော်လည်း လူသောင်းချီက စုဝေးပွဲများတွင် ပူးပေါင်းပါဝင် ခဲ့ပြီး သမ္မတပူတင်ကို ဆန့်ကျင်ကြောင်း ပြသခဲ့ကြသည်။ မော်စကိုမြို့တွင် အဓိကရုဏ်း နှိမ်နင်းရေးတပ်ဖွဲ့က ဆန္ဒပြသူများကို ရိုက်နှက်ပြီး တရွတ်တိုက်ဆွဲခေါ်သွားကြောင်း တွေ့ရသည်။ သမ္မတပူတင်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည့် နာဗယ်နီက ပြီးခဲ့သည့်အားလပ်ရက်တွင် ဖမ်းဆီးခံရပြီးနောက် ဆန္ဒပြမှုများ ပြုလုပ်ရန် တိုက်တွန်း ခဲ့သည်။ 

ပြီးခဲ့သည့်နှစ် သြဂုတ်လက ရုရှားနိုင်ငံတွင် အာရုံကြော ထိခိုက်စေသည့် ဓာတုဆေးရည်ဖြင့် အဆိပ်ခတ်ခံရ သည့် နာဗယ်နီမှာ ဂျာမနီတွင် ကုသမှုခံယူခဲ့ပြီးနောက် ရုရှားနိုင်ငံသို့ ပြန်လာခဲ့ရာ ဇန်နဝါရီလ ၁၇ ရက်က ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။ 

ဆန္ဒပြပွဲများ မကျင်းပမီကတည်းက ခွင့်ပြုချက်မဲ့ ဆန္ဒပြပွဲနှင့် ကျူးကျော်မှုများပြုလုပ်ပါက ချက်ချင်း တုံ့ပြန်ဖြေရှင်းပြီး  ပြင်းပြင်းထန်ထန်ဖြိုခွဲမည်ဟု ရုရှားအာဏာပိုင်များက သတိပေးခဲ့သည်။ ယခုရက်သတ္တပတ် အစောပိုင်းကလည်း နာဗယ်နီ၏ ပြောရေးဆိုခွင့်ရှိသူ ယာမက်အပါအဝင် ယင်း၏ လက်ထောက်အရာရှိများ ဖမ်းဆီးခံခဲ့ရသည်။ 

ဆန္ဒပြပွဲများအတွင်း မော်စကိုမြို့ တစ်မြို့တည်းတွင် လူ ၇၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး ရုရှားနိုင်ငံတစ်ဝန်းတွင် လူ ၂၁၀၀ ကျော် ထိန်းသိမ်းခံခဲ့ရကြောင်း ဆန္ဒပြပွဲများကို စောင့်ကြည့်နေသည့် OVD Info အဖွဲ့က ပြောသည်။ နာဗယ်နီ၏ ဇနီးမှာ ဆန္ဒပြပွဲတွင် ဖမ်းဆီးခံခဲ့ရသော်လည်း နောက်ပိုင်းတွင် ပြန်လွတ်လာခဲ့သည်။


KNT






အခြားဆက်စပ်သတင်းများ