ဝါရှင်တန်၊ ဇန်နဝါရီ ၂၄
ကမ္ဘာကျော် ရုပ်သံအစီအစဉ်တင်ဆက်သူ၊ စကားဝိုင်းအစီအစဉ်များ တင်ဆက်သူ လာရီကင်းမှာ ပြီးခဲ့သည့် စနေနေ့ နံနက်ပိုင်းက ကွယ်လွန်သွားခဲ့သည်။ လာရီကင်းမှာ ကွယ်လွန်ချိန်တွင် အသက် ၈၇ နှစ် ရှိသည်။
ရေဒီယိုနှင့် ရုပ်သံအစီအစဉ်များတွင် တွေ့ဆုံမေးမြန်းခန်း သောင်းချီတင်ဆက်ခဲ့သည့် လာရီကင်းဟာ အသံသြဇာကောင်းပြီး တမူထူးခြားသည့် ဝတ်စားဆင်ယင်ပုံ၊ ပေါ့ပါးရိုးရှင်းသည့် နေထိုင်မှုပုံစံ၊ ရှင်းလင်းပြတ်သား သည့် မေးခွန်းများကြောင့် နာမည်ကျော်ကြားခဲ့သူဖြစ်သည်။
လာရီကင်းမှာ ပြီးခဲ့သည့်နှစ်များအတွင်း ကျန်းမာရေးပြဿနာများ ကြုံတွေ့ခဲ့သည်။ နှလုံးဖောက်၍ နှလုံးသွေးကြောခွဲစိတ်ကုသမှု ခံယူရခြင်း၊ အဆုတ်ကင်ဆာ ခံစားရခြင်း၊ လေဖြတ်၍ ဘယ်ဘက်ခြေထောက် လမ်းမလျှောက်နိုင်ခြင်း စသည့်အခြေအနေများ ကြုံခဲ့သည်။
လာရီကင်းမှာ ဇန်နဝါရီလ ၂ ရက်နေ့ကတည်းက ကိုဗစ်-၁၉ ရောဂါကြောင့် လော့စ်အိန်ဂျလိစ်မြို့ရှိ Cedars-Sinai ဆေးရုံတွင် တက်ရောက်ကုသမှု ခံယူနေရခြင်းဖြစ်သည်။ KNT