ရန်ကုန်၊ ဇန်နဝါရီ ၂၃
ရန်ကင်းမြို့နယ်၊ (၆)ရပ်ကွက်၊ ရန်ငြိမ်းလမ်းမရှိ ကောင်းကင်ဓာတ်အားလိုင်းခန်း (၇)ခန်း တွင် သွယ်တန်းထားသော လျှပ်စစ်မီးကြိုး Cu Cable HDBC No.8 အမျိုးအစား ပေ(၁၀၀၀)ခန့်၊ စုစုပေါင်းတန်ဖိုး(၆၉၀,၀၀၀)ကျပ်ခန့်မှာ ပျောက်ဆုံးနေကြောင်း ဇန်နဝါရီ ၁၄ ရက်တွင် မြို့နယ်လျှစ်စစ် မန်နေဂျာမှ ရန်ကင်းမြို့မရဲစခန်းသို့ အမှုဖွင့်တိုင်တန်းခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် တရားခံအား စုံစမ်းဖမ်းဆီးရမိရေးအတွက် အခင်းဖြစ်ရပ်နှင့် ပတ်ဝန်းကျင်အား စုံစမ်းဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူမှာ တောင်ဥက္ကလာပမြို့နယ်နှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တို့တွင် လျှပ်စစ်ဝန်ထမ်း(နေ့စား) အဖြစ် လုပ်ကိုင်ဖူးသူ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၃)ရပ်ကွက်၊ မဟူရာလမ်းသွယ်(၁)၊ အမှတ်(၆၅၄)နေ မင်းထက်(ခ)EPC ဖြစ်ကြောင်း စုံစမ်းသိရှိရသဖြင့် ၎င်းအား ဇန်နဝါရီ ၁၈ ရက်၊ ညနေ ၅ နာရီအချိန်တွင် နေအိမ်၌ ခိုးယူသွားသော သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ စစ်ဆေးရာ ခိုးယူရရှိလာသော Cable ကြိုးများအနက် (၅)ပိဿာခန့်အား တောင်ဥက္ကလာပ မြို့နယ်၊ (၉)ရပ်ကွက်၊ ဇာနည်(၁၅)လမ်း၊ အမှတ်(၆၆၁)နေ ထွန်းလင်း(ခ)ဖိုးစုထံတွင် ရောင်းချထားကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ခိုးရာပါပစ္စည်းများအား လက်ခံဝယ်ယူသူ ထွန်းလင်း (ခ)ဖိုးစု ကို ထပ်မံဖမ်းဆီးခဲ့ပြီး ၎င်းတို့(၂)ဦးအား ဥပဒေနှင့်အညီ အမြန်တရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဆွေဦး