ပါရီ၊ ဇန်နဝါရီ ၂၂
ပိတ်ဆို့မှုချမှတ်ထားသည့်ကာလအတွင်း ပြင်သစ်နိုင်ငံရှိ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူအားလုံး အဆင်ပြေစေရန်အတွက် တစ်နေ့လျှင် ၂ နပ်၊ တစ်နပ်လျှင် တစ်ယူရိုနှုန်းဖြင့် ရောင်းချပေးသွားမည်ဟု ပြင်သစ်သမ္မတ မက်ခရွန်က ကတိပြုခဲ့သည်။
'' ကျွန်တော်တို့ ပိုကောင်းတဲ့ ထောက်ပံ့မှုတွေ လုပ်ပေးနိုင်ရမှာပါ ''ဟု ပြီးခဲ့သည့်ကြာသပတေးနေ့က ပါရီမြို့တွင် ကျောင်းသား/သူများနှင့် တွေ့ဆုံရာ၌ မက်ခရွန်က ပြောသည်။ တက္ကသိုလ်၏ သက်သာချောင်ချိရေး စားသောက်ဆိုင်များနှင့်အနီးနားရှိ ပါဆယ်ရောင်းချသည့် အခြားဆိုင်များတွင် တစ်နပ်လျှင် တစ်ယူရိုဖြင့် ရောင်းချပေးသွားမည်ဟု မက်ခရွန်က ဆိုသည်။
ပိတ်ဆို့ခံထားရသည့်ကာလအတွင်း အထီးကျန်ဆန်မှုနှင့် ဘဏ္ဍာရေးအခက်အခဲများကို ဖြေရှင်းရန်အတွက် အထောက်အပံ့ပိုပေးရန် ကျောင်းသားများက ဆန္ဒပြတောင်းဆိုခဲ့ပြီးနောက် မက်ခရွန်က ယခုကဲ့သို့ ပြောခဲ့ ခြင်း ဖြစ်သည်။ ပြင်သစ်နိုင်ငံမှာ လက်ရှိအချိန်တွင် ည ၆ နာရီမှ မနက် ၆ နာရီကြား အိမ်ပြင်မထွက်ရန် အမိန့်ထုတ်ပြန်ထားပြီး ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ မြင့်တက်လျက်ရှိသည်။
တိုင်ပင်ဆွေးနွေးမှုနှင့် အခြားစိတ်ကျန်းမာရေးဝန်ဆောင်မှုများအတွက် အစိုးရက ထောက်ပံ့ပေးသွားမည်ဟု ပါရီ-ဆာကလေတက္ကသိုလ်တွင် ကျောင်းသားများနှင့်တွေ့ဆုံရာ၌ မက်ခရွန်က ထည့်သွင်းပြောကြားခဲ့သည်။
KNT