နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နှလုံးရောဂါ သတိပြုပါ

ရန်ကုန်၊ ဇန်နဝါရီ ၂၁

လူတို့၏ နေထိုင်စားသောက်မှုပုံစံများ ပြောင်းလဲလာသည်နှင့်အမျှ အဖြစ်အများဆုံး ရောဂါများ တွင် နှလုံးရောဂါ ပါဝင်လာသည်။ နှလုံးသွေးကြောကျဉ်းရောဂါ၊ ရုတ်တရက်နှလုံးဖောက်ပြန်မှု ရောဂါစသည့် နှလုံးရောဂါများသည် လူကိုအန္တရာယ်ပြုစေနိုင်သော ရောဂါများပင်ဖြစ်၏။ ကမ္ဘာတွင် ရုတ်တရက် နှလုံးဖောက်ပြန်မှုရောဂါကြောင့် သေဆုံးရသူဦးရေသည် ၁၇ ဒသမ ၃ သန်းကျော်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ထုတ်ပြန်ချက်အရ သိရသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ရည်မှန်းချက်ဖြစ်သော ၂၀၂၅ ခုနှစ်တွင် နှလုံးသွေးကြောရောဂါကြောင့် အရွယ်မတိုင်မီသေဆုံးရခြင်းကို ၂၅ ရာခိုင်နှုန်းလျှော့ချရန် ကျန်းမာရေးအဖွဲ့အစည်းအသီးသီးက ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ရုတ်တရက်နှလုံးဖောက်ပြန်မှုရောဂါကြောင့် သေဆုံးရခြင်း၏ အဓိကအကြောင်းအရင်းမှာ ရောဂါကြိုတင် မသိရှိခြင်း၊ ရောဂါရှိကြောင်းသိသော်လည်း ပေါ့ပေါ့တန်တန် နေထိုင်စားသောက်ခြင်း၊ ကျန်းမာရေးစစ်ဆေးမှု အားနည်းခြင်း၊ နှလုံးရောဂါနှင့်ပတ်သက်၍ ရှောင်ရန်၊ ဆောင်ရန်များကို လျစ်လျူရှုထားခြင်း စသည်တို့ကြောင့် ဖြစ်သည်။ နှလုံးရောဂါသည်ဖြစ်ပြီဆိုလျှင် ကုသရန်ခက်ခဲလှသည်။ လူတို့အနေဖြင့် နှလုံးရောဂါဖြစ်ပွားမှုမှ ကာကွယ်နိုင်ရန်အတွက် သစ်သီးဝလံနှင့် ဟင်းဟီးဟင်းရွက်များကို များများစားသုံးခြင်း၊ အငန်၊ အချို၊ အဆီ၊ အဆိမ့်များလျှော့၍ စားသုံးခြင်း၊ အရက်နှင့်ဆေးလိပ်သောက်သုံးမှု ရှောင်ကြဉ်ခြင်း၊ အဝလွန်မှုကို ဂရုပြုကာကွယ် ထိန်းသိမ်းခြင်း၊ ပုံမှန်လေ့ကျင့်ခန်းတစ်ခုခုပြုလုပ်ခြင်းစသည်တို့ကို လိုက်နာဆောင်ရွက်သင့်ပေသည်။

လူအချို့စားသုံးသော အဓိကဟင်းလျာများတွင် အငန်၊ အချိုနှင့် အဆီဓာတ်များ ပိုကဲစွာတွေ့ရတတ်သည်။ အချို့ကား အဆီများခြင်းအန္တရာယ်ကို သတိမထားမိကြ။ ထို့ကြောင့် ဆေးဘက်ဆိုင်ရာပညာရှင်များက အသားမှ ရသော ဆီထက် ဟင်းသီးဟင်းရွက်နှင့် ငါးမှရသော ဆီကိုစားသုံးကြရန် ညွှန်းဆိုကြခြင်းဖြစ်သည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ လမ်းညွှန်ချက်ဖြင့် ကိုဗစ်-၁၉ ကာလအတွင်း ပြည်တွင်း ငါးစားသုံးမှု မြှင့်တင်ရန်နှင့် ရေထွက်ကုန်ပစ္စည်းများ လွယ်လင့်တကူဝယ်ယူနိုင်ရေး သမဝါယမကဏ္ဍက အကျိုးအမြတ်မယူ အရှုံးမပေါ်ရေးမူတစ်ရပ်ဖြင့် စားသုံးသူပြည်သူများသို့ ဒေသပေါက်ဈေးထက် သက်သာသောဈေးနှုန်းဖြင့် လတ်ဆတ်သော ငါး၊ ပုစွန်များကို ဖြန့်ဖြူးရောင်းချလျက်ရှိသည်။ စားသုံးသူတို့ အကျိုးဖြစ်ထွန်းလျက်ရှိသည်။

နှလုံးရောဂါအန္တရာယ်ကို လူတစ်ဦးချင်း၊ အိမ်ထောင်တစ်စုချင်းမှ ကြိုးပမ်းဆောင်ရွက်မှ ကျန်းမာသော လူ့အသိုင်းအဝိုင်းတစ်ခုကို ဖန်တီးနိုင်မည်ဖြစ်သည်။ သို့ဖြစ်ရာ လူတို့အနေဖြင့် နှလုံးရောဂါကြောင့် သေဆုံးရ ခြင်းမှ ကင်းဝေးစေရန် ကာကွယ်ခြင်းသည် ကုသခြင်းထက် ထိရောက်သည်ဆိုသည့်စကားအတိုင်း အနေအထိုင်၊ အစားအသောက်တို့ကို သတိပြုစားသောက်နေထိုင်သင့်သည်ဟု ဆိုချင်ပါကြောင်း ။        ။






အခြားဆက်စပ်သတင်းများ