ရန်ကုန် ဇန်နဝါရီ ၂၁
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ဗိုလ်မင်းရောင်အိမ်ရာဝင်း၊တော်ဝင်အိမ်ရာဝင်း နှင့်မဟာမြိုင်အိမ်ရာဝင်းများ တွင်နေထိုင်ကြသူများအား ကိုဗစ်၁၉ Stay at home ကာလအတွင်း နေထိုင်စားသောက်မှု အဆင်ပြေချောမွေ့စေရန်အတွက် ရန်ကုန်တိုင်းဒေသကြီး၏လမ်းညွှန်ချက်ဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် မြန်မာနိုင်ငံကုန်သည်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့်ညီနောင်အသင်းသားတို့မှ ပူးပေါင်းကာ ယနေ့နံနက် ၇ နာရီမှစတင်၍ အိမ်ရာဝင်းအတွင်းနေပြည်သူများ သို့လာရောက်ရောင်းချပေးခဲ့ကြောင်းသိရသည်။
ထိုသို့လာရောက်ရောင်းချရာတွင် အခြေခံစားသောက် ကုန်များ၊ အသီးအရွက်၊ ကြက်ဥဘဲဥ နှင့်အသားငါးများအား စျေးကား ၈ စီးဖြင့်လာရောက်ရောင်းချပေးခဲ့ပြီး စျေးလာရောက် ဝယ်ယူအားပေးသူများက ကိုဗစ်၁၉ ရောဂါကာကွယ်ရေးစည်းကမ်းများနှင့်အညီ လာရောက်ဝယ်ယူခဲ့ကြသည်။
ယခုလို လာရောက်ရောင်းချပေးရာတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ဈေးလာရောက်ဝယ်ယူကြသော ပြည်သူများအား ယခုလက်ရှိဖြစ်ပေါ်နေသာ COVID-19 ရောဂါကာကွယ်ထိန်းချုပ်နိုင်စေရန်အတွက် ဈေးဝယ်သူ၊ ဈေးရောင်းသူများ လူစုလူဝေးမဖြစ်ပေါ်စေရန်၊ တစ်ဦးနှင့်တစ်ဦး အနည်းဆုံး (၆) ပေအကွာမှနေ၍ တန်းစီစနစ်ဖြင့် စနစ်တကျဝယ်ယူအားပေးကြရန်အတွက် အသံချဲ့စက်နှင့် Hand Speaker တို့ဖြင့် လိုက်ပါအသိပေးခြင်း၊ လူကိုယ်တိုင်အနီးကပ်နေ၍ သတိပေးခြင်းများကိုလည်း လိုက်လံကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်စိုးအေး