နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သတိပြုဆင်ခြင်ဖွယ် မီးဘေးအန္တရာယ်

ရန်ကုန်၊ ဇန်နဝါရီ ၂၀

ပွင့်လင်းရာသီသို့ရောက်ရှိလာပြီဖြစ်သည့်အတွက် မီးဘေးကြိုတင်ကာကွယ်ရေး သတိပေးလုပ်ငန်းများ ပြည်သူများသိရှိစေရန် ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လျက်ရှိသည်။ မိမိတို့နိုင်ငံတွင် ဖြစ်ပွားသော မီးလောင်မှုများတွင် ပေါ့ဆမှုကြောင့်လောင်ကျွမ်းသော မီးလောင်မှုမှာ အများဆုံးဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး ဌာန၊ မီးသတ်ဦးစီးဌာန၏ သုံးသပ်ထုတ်ပြန်ချက်အရ သိရပေသည်။ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ နိုင်ငံတစ်ဝန်း မီးလောင်မှု ၂၁၃၉ ကြိမ် ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးငွေကျပ် ၆၆၄၀ ဒသမ ၇၄သန်း ခန့် ဆုံးရှုံးခဲ့ရသည်။ လူ ၇၅ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၂၂၀ ဦး၊ မီးဘေးဒုက္ခသည် ၅၄၄၃ ဦး၊ အိမ်ခြေ အဆောက်အအုံ ၃၁၆၃ လုံး၊ စက်ရုံ၊ အလုပ်ရုံ၊ ဂိုဒေါင် ၈၃ လုံး ပျက်စီးဆုံးရှုံးခဲ့ရသည်။

မီးဘေးကြိုတင်ကာကွယ်ရေးတွင် အဓိကကျသည့် မီးသုံးစွဲလျင် အမြဲသတိရှိပြီး လူစောင့်ထားခြင်း၊ မီးဖို အနီးတွင် လောင်စာဆီများမထားခြင်း၊ မီးဖိုများကို မြေကျင်းတူး စနစ်တကျအသုံးပြုခြင်း၊ မီးဖိုများ စနစ်တကျ ကာရံထားခြင်း၊ ကလေးသူငယ်များအား မီးမဆော့ရန်ထိန်းသိမ်းခြင်း၊ မီးခွက်၊ မီးအိမ်၊ ဖယောင်းတိုင်များ၊ ထရံ နှင့် ခြင်ထောင်အနီးတွင်မထွန်းခြင်း၊ တောမီးမလောင်အောင် ဆောင်ရွက်ခြင်း၊ ကောက်ရိတ်သိမ်းချိန်တွင် လယ်ကွင်းအတွင်း၌ မီးအသုံးမပြုခြင်းတို့ လိုက်နာဆောင်ရွက်ရန်လိုအပ်သည်။ မီးလောင်မှုဖြစ်ပွားလျှင် ထွက်မပြေးပါနှင့်။ ပတ်ဝန်းကျင်ကို အကူအညီတောင်းရန်၊ မီးစတင်လောင်ကျွမ်းချိန်တွင် ငြှိမ်းသတ်နိုင်လျှင် မီးလောင်ဆုံးရှုံးမှု မများနိုင်ကြောင်း၊ အိမ်တိုင်း၊ အဆောက်အအုံတိုင်း၊ ယာဉ်တိုင်းတွင် ဓာတုဗေဒပေါင်ဒါမှုန့်ခြောက် မီးသတ်ဆေးဘူးများ ဆောင်ထားခြင်းဖြင့် အလျှင်အမြန် မီးငြှိမ်းသတ်နိုင်ကြောင်း မီးသတ်ဦးစီးဌာနက မီးဘေးအန္တရာယ်ကာကွယ်ရေး နှိုးဆော်ချက်များ ထုတ်ပြန်ထားသည်။

ရန်ကုန်မြို့တော်တွင် အထပ်မြင့်အဆောက်အအုံများ ပေါများလာသည်။ အထပ်မြင့်အဆောက်အုံများ လေဝင်လေထွက်ကောင်းမွန်အောင် စီမံဆောင်ရွက်သင့်ကြောင်း သိရပေသည်။ ယခုအခါ အထပ်မြင့် အဆောက်အအုံများတွင် မီးလောင်ကျွမ်းမှုဖြစ်ပေါ်ပါက မီးခိုးမွှန်၍ သေဆုံးမှုများဖြစ်ပေါ်ရာ လေကာများအား အလုံပိတ်ထားခြင်းသည် အကြောင်းအရင်းတစ်ခုဖြစ်ပေသည်။ အထူးသဖြင့် မြို့ပြတွင် လျှပ်စစ်မီးပေါ့ဆစွာ သုံးစွဲမှုကြောင့် မီးလောင်မှု ဒုတိယအများဆုံးဖြစ်သည်။ မီးလောင်မှုဖြစ်ပွားပါက မီးသတ်တပ်ဖွဲ့အရေးပေါ် ဖုန်းနံပါတ် ၁၉၁ ကို အလွယ်တကူဆက်သွယ် အကြောင်းကြားရန်လိုအပ်သည်။ မီးဘေးအန္တရာယ်ကို ပြည်သူ အားလုံး သတိမူလာရေးအတွက် အသိပညာပေးလုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိသော်လည်း ပြည်သူများ လိုက်နာမှုအားနည်းကြောင်း၊ ယင်းကဲ့သို့ လိုက်နာမှုအားနည်းခြင်း၊ ဂရုမပြနိုင်ခြင်းတို့ကြောင့် မလိုလားအပ်သော ဆုံးရှုံးမှုများလျော့နည်းသွားစေရန် မီးသုံးစွဲသူအားလုံးက ကြိုတင်ကာကွယ်စောင့်ရှောက် စေချင်ကြောင်း။      ။






အခြားဆက်စပ်သတင်းများ