မော်စကို၊ ဇန်နဝါရီ ၁၈
အာရုံကြော ထိခိုက်စေသည့် ဓာတုဆေးရည်ဖြင့် လုပ်ကြံခံရခြင်းကြောင့် သေလုနီးပါးဖြစ်ခဲ့၍ ဂျာမနီတွင် ကုသမှုခံယူခဲ့ရသည့် ရုရှားအတိုက်အခံခေါင်းဆောင် နာဗယ်နီမှာ မော်စကိုမြို့သို့ ပြန်လာချိန်တွင် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသည်။
အသက် ၄၄ နှစ်ရှိသည့် နာဗယ်နီကို ရှီရီမီတီဗိုလေဆိပ်ရှိ နိုင်ငံကူးလက်မှတ် စစ်ဆေးရာနေရာတွင် ရဲတပ်ဖွဲ့က ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။ မော်စကိုမြို့ရှိ အခြားလေဆိပ်တစ်ခုတွင် နာဗယ်နီကို တွေ့ဆုံနှုတ်ဆက်ရန် လူထောင်ချီစုဝေးနေသော်လည်း နာဗယ်နီ လိုက်ပါလာသည့် လေယာဉ်မှာ အခြားလေဆိပ်သို့ လမ်းကြောင်းပြောင်းဆင်းသက်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့်နှစ်က အဆိပ်ခတ်ခံခဲ့ရသည့်ဖြစ်ရပ်နှင့်ပတ်သက်၍ နာဗယ်နီက ရုရှားအာဏာပိုင်များ ၏လက်ချက်ဟု ဆိုသည်။ သို့သော် နာဗယ်နီ အဆိပ်ခတ်ခံရခြင်းမှာ ယင်းတို့နှင့် မသက်ဆိုင်ကြောင်း ခရင်မလင်နန်းတော်က တုံ့ပြန်ခဲ့သည်။ သို့သော် စုံစမ်းစစ်ဆေးရေး ဂျာနယ်လစ်များ၏ အစီရင်ခံစာများမှာ နာဗယ်နီ၏ စွပ်စွဲချက်များကို ထောက်ခံလျက်ရှိသည်။ နာဗယ်နီ ထိန်းသိမ်းခံရသည်ဟု သတင်းထွက်လာချိန်တွင် ဥရောပသမဂ္ဂ၊ ပြင်သစ်နှင့် အီတလီနိုင်ငံတို့က ရှုတ်ချခဲ့ကြပြီး ယင်းကို ချက်ချင်းပြန်လွှတ်ပေးရန် တိုက်တွန်းခဲ့သည်။
(KNT)