ကာဘူးလ်၊ ဇန်နဝါရီ ၁၈
အာဖဂန်နစ္စတန် အထက်တရားရုံးချုပ်တွင် တာဝန်ထမ်းဆောင်နေသည့် အမျိုးသမီး တရားသူကြီးနှစ်ဦး လုပ်ကြံခံခဲ့ရသည်။ ပြီးခဲ့သည့်တနင်္ဂနွေနေ့က အထက်တရားရုံးသို့ လာသည့်လမ်းတွင် မည်သည့်အဖွဲ့ကမှန်း ခွဲခြားဖော်ထုတ်နိုင်ခြင်းမရှိသေးသည့် သေနတ်သမားတစ်စုက ယင်းတို့ကို ပစ်ခတ်ခဲ့သည်။ အဆိုပါတိုက်ခိုက်မှုတွင် အမျိုးသမီးရှေ့နေနှစ်ဦးလည်း ကားသမားလည်း ဒဏ်ရာရခဲ့သည်။
အဆိုပါဖြစ်ရပ်မှာ အာဖဂန်နစ္စတန်နိုင်ငံတွင် ဂျာနယ်လစ်များ၊ တက်ကြွလှုပ်ရှားသူများနှင့် အခြားနိုင်ငံရေး သမားများကို ပစ်မှတ်ထားလုပ်ကြံမှုများအနက် ယခုနောက်ဆုံး ဖြစ်ရပ်ဖြစ်သည်။ အဆိုပါ လုပ်ကြံမှုနှင့် ပတ်သက်၍ မည်သည့်အဖွဲ့ကမျှ ယင်းတို့၏လက်ချက်ဟု ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အာဖဂန်နစ္စတန်နိုင်ငံရှိ အမေရိကန်စစ်သည်များကို ဆုတ်ခွာခိုင်း လျက်ရှိရာ အာဖဂန်နစ္စတန်တွင် အမေရိကန်စစ်သည် ၂၅၀၀ သာ ကျန်ရှိတော့သည်။ အမေရိကန်စစ်သည်များကို ဆုတ်ခွာခိုင်းခြင်းမှာ တည်ငြိမ်မှုကင်းမဲ့နေသည့် အာဖဂန်နစ္စတန်နိုင်ငံတွင် ဆူပူအုံကြွမှုများ ပိုဖြစ်လာနိုင်သည်ဟု အာဖဂန်နစ္စတန် ဒုတိယသမ္မတက ပြောသည်။
KNT