နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ညှိနှိုင်းပေါင်းစပ်ဆွေးနွေးခြင်းဖြင့် အောင်မြင်နိုင်

 ရန်ကုန်   ဇန်နဝါရီ    ၁၇


လူအများစုသည် အလုပ်တစ်ခုကို လုပ်ကိုင်သည့်အခါ သို့တည်းမဟုတ် ဘဝတစ်ခု တိုးတက်အောင် ကြိုးစားသည့်အခါ ရည်မှန်းချက်၊ ရည်ရွယ်ချက်များ ထားရှိလုပ်ကိုင်လေ့ရှိကြသည်။ ထိုရည်မှန်းချက်၊ရည်ရွယ် ချက်များ အောင်မြင်သည်ရှိသကဲ့သို့ ရှုံးနိမ့်မှုများနှင့်လည်း ရင်ဆိုင်ကြုံတွေ့တတ်ကြသည်။ ရှုံးနိမ့်သည့်အခါ ဘဝကိုလွယ်လွယ်အရှုံးပေးလေ့ရှိကြသည်။ အောင်မြင်မှုရရန် အောင်မြင်အောင်ဆောင်ရွက်သည့်နည်းလမ်း မှန်ကန်သော နည်းလမ်းများကို ရှာဖွေ၍ လုံ့လဝီရိယရှိစွာဖြင့် ဆောင်ရွက်ပါက အောင်မြင်မှုများကိုရရှိခံစား နိုင်သည်။ မည်သည့်အလုပ်မဆို ပုဂ္ဂလိကအလုပ်၊ အသင်းအဖွဲ့အလိုက် လုပ်ကိုင်ရသောအလုပ်၊ တစ်ဦးနှင့် တစ်ဦးတစ်ဖွဲ့နှင့်တစ်ဖွဲ့၊ တစ်ဌာနနှင့်တစ်ဌာနတို့အကြား ညှိနှိုင်းပေါင်းစပ်ဆွေးနွေးလုပ်ကိုင်ကြမည်ဆိုပါက အကောင်အထည်ဖော်ဆောင်ရွက်လုပ်ကိုင်လိုသည့် လုပ်ငန်းသည် ပြီးမြောက်အောင်မြင်နိုင်ပေသည်။ လုပ်ငန်းတစ်ခုလုပ်ကိုင်ရာတွင် ငွေအား၊ လူအား၊ အကြံဉာဏ်အားစသည်ဖြင့် လိုအပ်မည်ဖြစ်သည်။ လိုအပ်ချက်များ ပြည့်စုံသည်ရှိသကဲ့သို့ လိုအပ်ချက်များလည်းရှိတတ်ပေရာ တစ်ဦးတည်း၊ တစ်ဖွဲ့တည်းနှင့် ဆောင်ရွက်နိုင်စွမ်းမရှိပါ။ ထိုလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည့် ပုဂ္ဂိုလ်အချင်းချင်း၊ အဖွဲ့အစည်းအချင်းချင်း ညှိနှိုင်းပေါင်းစပ်ရန် လိုအပ်ပေသည်။ ညှိနှိုင်းပေါင်းစပ်ခြင်းဖြင့် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပေသည်။

သို့သော် အချို့သောလုပ်ငန်းများသည် ညှိနှိုင်းပေါင်းစပ်မှုအားနည်း၍ လုပ်ငန်းများအထမမြောက်ဘဲ ရှိတတ်ပေသည်။ ညှိနှိုင်းပေါင်းစပ်လုပ်ကိုင်ခြင်းသည် နှစ်ဦးနှစ်ဖက်အကျိုးရှိစေသည်။ ညှိနှိုင်းပေါင်းစပ် လုပ်ကိုင်ခြင်း အလေ့အထသည် ယနေ့ခေတ်တွင် နေရာတိုင်း၌ ထင်ရှားသည့်အလေ့အကျင့်ကောင်းများ ဖြစ်ပေသည်။ အထူးသဖြင့် အဖွဲ့အစည်းများ၊ ကုမ္ပဏီကြီးများအကြား ညှိနှိုင်းပေါင်းစပ်လုပ်ကိုင်လေ့ရှိ သည်။ ညှိနှိုင်းပေါင်းစပ် လုပ်ကိုင်ခြင်းဖြင့် အခက်အခဲအကျပ်အတည်းများကို ကျော်လွှား၍ ကောင်းမွန်သော အဖြေတစ်ခုကို ရရှိမည်ဖြစ်သည်။

လူသားများအားလုံးကို အန္တရာယ်ပေးလျက်ရှိသည့် COVID-19 ကူးစက်မြန်ကပ်ရောဂါကြောင့် ယနေ့ မြန်မာနိုင်ငံတွင် နေထိုင်မှုပုံစံသစ်အဖြစ် မြန်မာ့ရေးရာနယ်ပယ်အသီးသီးတွင် ဒီဂျစ်တယ်နည်းပညာစနစ် လျှင်လျှင်မြန်မြန်ကူးပြောင်းလာသည်။ အစိုးရနယ်ပယ်၊ လူမှုဘဝနယ်ပယ်တို့တွင် ဒီဂျစ်တယ်နည်းပညာ တွင်ကျယ်လာခဲ့သည်။ နည်းပညာကို အသုံးချ၍ ဒီဂျစ်တယ်အုပ်ချုပ်ရေး၊ ဒီဂျစ်တယ်စီမံခန့်ခွဲရေး၊ ဒီဂျစ်တယ်ပညာရေး၊ ဖျော်ဖြေရေး၊ စီးပွားရေး၊ ရောင်းဝယ်ဖောက်ကားရေး နယ်ပယ်အသီးသီးတွင် လုပ်ကိုင် ဆောင်ရွက်နေကြပြီဖြစ်သည်။ ယင်းနည်းပညာများကြောင့် လူအချင်းချင်းထိတွေ့ဆက်ဆံခြင်းမပြုနိုင်သော်လည်း လုပ်ငန်းကြန့်ကြာမှုကိုကျော်လွှားပြီး လုပ်ငန်းအောင်မြင်တိုးတက်မှုကို ရရှိမည်ဖြစ်ပေသည်။ အဆင်မပြေသည့်အခြေအနေများကို အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ခြင်းဖြစ်ပေရာ ညှိနှိုင်းပေါင်းစပ်ဆွေးနွေးလုပ်ကိုင်ကြခြင်းဖြင့် အရာရာကိုအောင်မြင်နိုင်မည်ဖြစ်ပါကြောင်း။






အခြားဆက်စပ်သတင်းများ