ဂျေရုစလင် ဇန်နဝါရီ ၁၄
ရက်သတ္တနှစ်ပတ်အတွင်း လေးကြိမ်မြောက် တိုက်ခိုက်မှုအဖြစ် အီရန်နိုင်ငံ၏ ထောက်ပံ့မှုရရှိထားသည့် ဆီးရီးယားနိုင်ငံရှိ ပြည်သူ့စစ်အဖွဲ့များ၏ တည်နေရာများကို အစ္စရေးနိုင်ငံက ညဉ့်သန်းခေါင်အချိန် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု သတင်းများက ဖော်ပြသည်။
အစ္စရေးလေယာဉ်တစ်စင်းက ဆီးရီးယားနိုင်ငံအရှေ့ပိုင်း ဒီယာအယ်ဇိုဒေသနှင့် အယ်ဘူကာမယ်ဒေသ များကို တိုက်ခိုက်ခဲ့သည်ဟု ဆီးရီးယားအစိုးရပိုင် Sana သတင်းဌာနက ဖော်ပြသည်။ အဆိုပါ တိုက်ခိုက်မှု ကြောင့် လူမည်မျှ သေဆုံးခဲ့ခြင်းကို Sana သတင်းဌာနက ဖော်ပြခဲ့ခြင်းမရှိပေ။ သို့သော် ဆီးရီးယားစစ်သည် ၁၄ဦးနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၄၃ ဦး သေဆုံးခဲ့သည်ဟု ဗြိတိန်နိုင်ငံအခြေစိုက် ဆီးရီးယားနိုင်ငံ လူ့အခွင့်အရေး စောင့်ကြည့်သည့်အဖွဲ့က ပြောသည်။
အဆိုပါသတင်းဖော်ပြချက်နှင့်ပတ်သက်၍ အစ္စရေးနိုင်ငံက မှတ်ချက် တစ်စုံတရာပေးခဲ့ခြင်းမရှိပေ။ သို့သော် အစ္စရေးနိုင်ငံမှာ အီရန်နိုင်ငံနှင့်ဆက်နွှယ်နေသည့် ဆီးရီးယားနိုင်ငံရှိ ပစ်မှတ်များကို မကြာခဏတိုက်ခိုက်လေ့ရှိသည်။ ၂၀၂၀ ပြည့်နှစ်အတွင်း ရှေ့တန်းစစ်မျက်နှာအားလုံးနှင့် ရှောင်တခင်စစ်ဆင်ရေးများတွင် ပစ်မှတ် ၅၀၀ ကျော်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့၏ ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အဗစ်ကိုချာဗီက ပြီးခဲ့သည့်လတွင် အစ္စရေးမီဒီယာသို့ ပြောသည်။
ယင်း၏ ရန်ဘက်နိုင်ငံဖြစ်သည့် အီရန်နိုင်ငံက ဆီးရီးယားနိုင်ငံတွင် တပ်ဖွဲ့တည်ဆောက်နေကြောင်း၊ ဆီးရီးယားနိုင်ငံကိုအသုံးချပြီး လက်ဘနွန်နိုင်ငံရှိ ဟစ်ဇ်ဘိုလာတပ်ဖွဲ့ထံ နည်းပညာမြင့် လက်နက်များ တရားမဝင်တင်ပို့နေကြောင်း အစ္စရေးနိုင်ငံက စွပ်စွဲထားသည်။
(KNT)