မေ ၁၀၊ ဝါရှင်တန်
ကိုရိုနာဗိုင်းရပ်စ်နှင့် ဆက်နွှယ်နေသည်ဟု ယုံကြည်ထားသည့် ရောင်ရမ်းမှု ရောဂါလက္ခဏာကြောင့် နယူးယော့ခ်မြို့မှ ငါးနှစ်သားကလေးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း နယူးယော့ခ်ပြည်နယ်အုပ်ချုပ်ရေးမှူး အန်ဒရူးကွာမိုက ပြောသည်။
အဆိုပါရောဂါလက္ခဏာမှာ ကိုရိုနာဗိုင်းရပ်စ်နှင့် ဆက်နွှယ်ခြင်း ရှိ/မရှိ အတည်ပြုနိုင်ရန်အတွက် အလားတူ အခြေအနေမျိုးဖြင့် သေဆုံးမှုများကို ကျန်းမာရေးအရာရှိများက စုံစမ်းစစ်ဆေးနေသည်ဟု အန်ဒရူးကွာမိုက ဆိုသည်။
''ဒီလိုရောဂါလက္ခဏာကြောင့် သေဆုံးခဲ့တာ တစ်ယောက်မကရှိပါတယ်။ တခြားသေဆုံးမှုတွေကို စုံစမ်း စစ်ဆေးနေပါတယ်။ ကိုယ့်သားသမီးမှာ ဒီဗိုင်းရပ်စ် ကူးစက်ခံရမလားဆိုတာ စိုးရိမ်နေရတာကမိဘတိုင်းအတွက် အိပ်မက်ဆိုးပါပဲ''လို့ အန်ဒရူးကွာမိုက ပြောသည်။ အသက်အန္တရာယ် ခြိမ်းခြောက်နိုင်သည့် ရောင်ရမ်းမှု ရောဂါလက္ခဏာ ခံစားရသည့် ကလေးငယ်များမှာ COVID-19 ရောဂါ ကူးစက်ခံရမှုနှင့် ဆက်နွှယ်နေကြောင်း ဗြိတိန်၊ အီတလီနှင့် စပိန်နိုင်ငံများတွင် စတင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ရောင်ရမ်းမှုရောဂါလက္ခဏာခံစားရသူများမှာ နှလုံးအလုပ်လုပ်မှု ရပ်တန့်ခြင်း၊ နှလုံးသွေးကြော အားနည်းခြင်း ဖြစ်ရပ်များအပါအဝင် ခန္ဓာကိုယ်အစိတ်အပိုင်း အများအပြားကို ထိခိုက်စေနိုင်သည်။ သို့သော် အဆိုပါရောဂါလက္ခဏာ ခံစားရသည့် ကလေးငယ်အားလုံး COVID-19 ကူးစက်ခံရခြင်းမရှိ၍ ရောင်ရမ်းမှု ရောဂါလက္ခဏာနှင့် COVID-19 ရောဂါ ဆက်နွှယ်မှု ရှိ၊ မရှိဆိုခြင်းကို အတိအကျ ဆုံးဖြတ်နိုင်ရန် သိပ္ပံပညာရှင် များက ကြိုးပမ်းနေသည်။
Ref:BBC(KNT)