အော့တဝါ ဇန်နဝါရီ ၁၃
ကနေဒါနိုင်ငံတွင် အမျိုးသမီးတစ်ဦးက ခင်ပွန်းဖြစ်သူကို ခွေးတစ်ကောင်ကဲ့သို့ ကြိုးဖြင့်ဆွဲကာ လမ်းလျှောက်ထွက်ခဲ့ကြောင်း တွေ့ရှိခဲ့ပြီးနောက် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုတားဆီးရန် ထုတ်ပြန်ထားသည့် ညမထွက်ရအမိန့်ကို ချိုးဖောက်ခြင်းကြောင့် ဇနီးမောင်နှံနှစ်ဦးလုံးကို ဒဏ်ရိုက်ခဲ့သည်။
ကူဘတ်ပြည်နယ် ရှားဘရွတ်မြို့ရှိ ယင်း၏နေအိမ်အနီးတွင် ယင်း၏ခွေးနှင့်အတူ လမ်းလျှောက်ခဲ့ခြင်း ဖြစ်သည်ဟု အမျိုးသမီးက ရဲတပ်ဖွဲ့ကို ပြောခဲ့သည်။
ပြီးခဲ့သည့်စနေနေ့က ကူဘတ်ပြည်နယ်တွင် ည ၈ နာရီမှ မနက် ၅ နာရီကြား အိမ်ပြင်မထွက်ရသည့်အမိန့် ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါအချိန်အပိုင်းအခြားအတွင်း နေအိမ်အနီးတစ်ဝိုက်တွင် ခွေးနှင့်အတူ လမ်းလျှောက်ထွက်ခြင်းကိုသာ ခွင့်ပြုပေးခဲ့သည်။ ညမထွက်ရအမိန့်အကျုံးဝင်ခဲ့ပြီးနောက် နာရီပိုင်းအကြာ ဖြစ်သည့် ည ၉ နာရီဝန်းကျင်တွင် လမ်းလျှောက်ထွက်လာသည့် အဆိုပါဇနီးမောင်နှံကို ရဲတပ်ဖွဲ့က တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ယင်းတို့အနေဖြင့် အိမ်မွေးတိရစ္ဆာန်များအတွက် ချမှတ်ထားသည့် စည်းမျဉ်းအတိုင်း ကျင့်သုံးခြင်း ဖြစ်သည်ဟု အဆိုပါဇနီးမောင်နှံက ဆိုသည်။ ယင်းတို့အနေဖြင့် ရဲတပ်ဖွဲ့နှင့် လုံးဝပူးပေါင်းဆောင်ရွက်ခဲ့ခြင်း မရှိကြောင်း ရှားဘရွတ်ရဲစခန်းမှ ရဲအရာရှိ ဂျန်ဒရွန်က ပြောသည်။ ဇနီးမောင်နှံတစ်ဦးကို တစ်ဦးလျှင် ကနေဒါ ဒေါ်လာ ၁၅၄၆ ( အမေရိကန်ဒေါ်လာ ၁၂၁၂ )စီ ဒဏ်ငွေချမှတ်ခဲ့သည်။ ကူဘတ်ပြည်နယ်တွင် ညမထွက်ရ အမိန့် စတင်အကျုံးဝင်သည့် ပထမသီတင်းပတ်အတွင်း ရဲတပ်ဖွဲ့က စည်းမျဉ်းချိုးဖောက်သူ ၇၅၀ ကို ဒဏ်ရိုက်ခဲ့ရသည်။ ကနေဒါနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမြင့်တက်နေပြီး ရောဂါကူးစက် ခံရသူ ၆၇၀၀၀၀ နီးပါးရှိသည်။ (KNT)