ဝါရှင်တန် ဇန်နဝါရီ ၁၂
သံအမတ်အဖြစ် ဆယ်စုနှစ် သုံးခုကြာ တာဝန်ထမ်းဆောင်ခဲ့သည့် ဝီလျံဘန်းကို ရွေးကောက်ခံ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်က စီအိုင်အေ ဒါရိုက်တာအဖြစ် ရွေးချယ်ခဲ့သည်။ ၂၀၁၅ ခုနှစ်က အီရန်နိုင်ငံနှင့် သမိုင်းဝင် နျူကလီးယားကန့်သတ်တားဆီးရေးစာချုပ် ချုပ်ဆိုနိုင်ရန် ဆွေးနွေးညှိနှိုင်းရာတွင် အိုဘားမားအစိုးရ၏ ကိုယ်စားလှယ်အဖွဲ့ကို ဝီလျံဘန်းက ဦးဆောင်ခဲ့သည်။ ဝီလျံဘန်းသည် အဆိုပါဆွေးနွေးမှုမတိုင်မီက ရုရှားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။
လက်ရှိအချိန်တွင် နိုင်ငံတကာဉာဏ်ကြီးရှင်အဖွဲ့ဖြစ်သည့် နိုင်ငံတကာ ငြိမ်းချမ်းရေးအတွက် ကာနက်ဂျီ ရန်ပုံငွေအဖွဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။ အထက်လွှတ်တော်က အတည်ပြုပါက ဝီလျံဘန်းအနေဖြင့် သံတမန်များအနက် စီအိုင်အေဒါရိုက်တာအဖြစ် ပထမဆုံး တာဝန်ထမ်းဆောင်ခွင့်ရသူ ဖြစ်လာမည်ဖြစ်သည်။
ဇန်နဝါရီလ ၂၀ ရက်တွင် သမ္မတအဖြစ် စတင်တာဝန်ယူမည့် ဂျိုးဘိုင်ဒင်က ယင်း၏အမျိုးသား လုံခြုံရေးအဖွဲ့ကို ကျမ်းသစ္စာကျိန်ဆိုပွဲနှင့် တတ်နိုင်သမျှ အနီးကပ်ဆုံးအတည်ပြုပေးရန် လွှတ်တော်ကို တိုက်တွန်းထားသည်။ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ၃၃ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည့် ဝီလျံဘန်းသည် ရီပတ်ဗလစ်ကန်နှင့် ဒီမိုကရက်တစ်သမ္မတများ လက်အောက်တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ၂၀၁၄ ခုနှစ်တွင် နိုင်ငံခြားရေးဌာနမှ အနားယူခဲ့သည်။
(KNT)