ဂျာကာတာ ဇန်နဝါရီ ၁၂
ပျက်ကျခဲ့သည့် ခရီးသည်တင်လေယာဉ်၏ ပျံသန်းမှု မှတ်တမ်းတင်စက်များ တည်နေရာကို ရှာဖွေရန် အသုံးပြုနေသည့် ကိရိယာမှာ စက်ချွတ်ယွင်းမှု သို့မဟုတ် ထိခိုက်ပျက်စီးမှု ကြုံတွေ့ခဲ့ကြောင်း အရာရှိများက ပြောသည်။ ထို့ကြောင့် စင်ကာပူနိုင်ငံမှ ရောက်ရှိလာမည့် ရှာဖွေရေးစက်ကိရိယာသစ်ကို စောင့်ဆိုင်းနေရသည်။
ပြီးခဲ့သည့်စနေနေ့က ဂျာကာတာမြို့လေဆိပ်မှ ထွက်ခွာခဲ့သည့် Sriwijaya လေကြောင်းလိုင်း၏ ဘိုးရင်း ၇၃၇ လေယာဉ်မှာ ပျံတက်ပြီး ၄ မိနစ်အကြာမှာ ရေဒါမှ ပျောက်ကွယ်သွားကာ ပင်လယ်ထဲ ပျက်ကျခဲ့သည်။ အဆိုပါလေယာဉ်ပေါ်တွင် ကလေး ၇ ဦး၊ လူမမယ် ကလေးငယ် ၃ ဦးနှင့် ညားခါစဇနီးမောင်နှံအပါအဝင် လူ ၆၂ ဦး လိုက်ပါခဲ့သည်။ လက်ရှိအချိန်တွင် ရှာဖွေရေးအဖွဲ့များက လေယာဉ်အစိတ်အပိုင်းများနှင့် လူ့ခန္ဓာကိုယ် အစိတ်အပိုင်းများကို တွေ့ရှိခဲ့သည်။
ရေငုပ်သမားများက လေယာဉ်ပျံသန်းမှုမှတ်တမ်းနှင့် အသံမှတ်တမ်းတင်စက်များရှိရာ နေရာကို မှတ်သားထားနိုင်ခဲ့သည်။ ရှာဖွေရေးကိရိယာ ပျက်သွားခြင်းကြောင့် Black Box များကို ရှာဖွေရာတွင် မည်ကဲ့သို့ သက်ရောက်မည်ဖြစ်ကြောင်း တိတိကျကျ မသိရသေးပေ။ သို့သော် အင်ဒိုနီးရှားရုပ်သံလိုင်း၏ ရုပ်သံမှတ်တမ်းများအရ ရေငုပ်သမားများက ရှာဖွေမှုများဆက်လုပ်နေကြောင်း တွေ့ရသည်။
Black Box ဟု ခေါ်သည့် မှတ်တမ်းတင်စက်များမှာ လေယာဉ်နှင့်ပတ်သက်သည့် အချက်အလက်များ သိုလှောင်ထားနိုင်ပြီး လေယာဉ်မတော်တဆမှုများအတွက် စုံစမ်းစစ်ဆေးရာတွင် အရေးပါသည့် အချက်အလက်များ ရရှိနိုင်သည်။
(KNT)