နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
*** ပန်းနာရင်ကျပ်ရောဂါအတွက် ဆောင်ရန်ရှောင်ရန် သိမှတ်ဖွယ်ရာများ ***

ရန်ကုန်  မေ  ၉


ကမ္ဘာ့ပန်းနာရင်ကျပ်ရောဂါနေ့
နှစ်တစ်နှစ်၏ မေလတစ်လအတွင်း ပထမဆုံးသော အင်္ဂါနေ့ကို ကမ္ဘာ့ပန်းနာရင်ကျပ်ရောဂါနေ့ (World Asthma Day) အဖြစ်သတ်မှတ်လေ့ရှိရာ၊ ထိုနေ့သို့ရောက်တိုင်း ပန်းနာရင်ကျပ်ရောဂါဆိုင်ရာ ကျန်းမာရေးအသိပညာပေး ဟောပြောပွဲများ၊ ပန်းနာရင်ကျပ်ရှုဆေးဘူး စနစ်တကျသုံးစွဲနည်းများကို မြန်မာနိုင်ငံတွင်သာမက ကမ္ဘာ့နိုင်ငံအသီးသီးတွင် စဉ်ဆက်မပြတ် ကျင်းပ ပြုလုပ်လျက်ရှိသည်။ ၂၀၂၀ ခုနှစ် အတွက် မေလ ၅ ရက်သည် ကမ္ဘာ့ပန်းနာရင်ကျပ်ရောဂါနေ့ (World Asthma Day 2020) ဖြစ်သည်။ ပြက္ခဒိန်ကာလအရ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် မေလ ၇ ရက်သည် ကမ္ဘာ့ပန်းနာရင်ကျပ်ရောဂါနေ့ဖြစ်ခဲ့သည်။ 
ပန်းနာရင်ကျပ်ရောဂါ
ပန်းနာရင်ကျပ်ရောဂါကို ဆေးသိပ္ပံနည်းအရ Asthma ဟုခေါ်သည်။ Asthma ဆိုသောဝေါဟာရမှာ ရှေးကျသော ဂရိ ဘာသာစကားဖြစ်သည်။ “ Panting or Short drawn breath (ခေါ်) တိုတောင်းလျှင်မြန်စွာ အသက်ရှုခြင်း”ဟု အဓိပ္ပာယ်ရသည်။ ပန်းနာရင်ကျပ်ရောဂါသည် ဓာတ်မတဲ့ရောဂါတစ်မျိုးဖြစ်ပြီး၊ ခန္ဓာကိုယ်၏တုံ့ပြန်မှုက အသက်ရှူလမ်းကြောင်းတွင် ကြီးစွာသော ပြဿနာကိုဖြစ်စေသည်။ ကျားမ မရွေး၊ အရွယ်သုံးပါးမရွေး ဖြစ်ပေါ်ခံစားရတတ်သည်။ အများအားဖြင့် မိဘမျိုးရိုးဗီဇကြောင့် ဖြစ်လေ့ရှိသည်။
ညသန်းခေါင် (သို့မဟုတ်) နံနက်လင်းအားကြီး အချိန်များတွင် ရောဂါထဖောက်လေ့ရှိပြီး၊ ချွေးစေးများထွက်လာကာ တရွှီရွှီမြည်အသက်ရှူကျပ်ခြင်းကြောင့် အလွန်ပင်ပန်းလှသလို၊ ရောဂါ ခံစားနေရသူကိုကြည့်၍ ဘေးမှ မြင်ရ၊ ကြားရသူအဖို့မှာလည်း စိတ်မသက်သာလှပေ။ ထိုသို့ ချိန်ခါမရွေး ပန်းနာရင်ကျပ်ရောဂါရှိသူများသည် အသက်ရှူသွင်းရသော ကိရိယာလေးကို အမြဲဆောင်ထားကြရသည်။ သို့သော် ဝေဒနာသည်အများစုက ထိုအသက်ရှူကိရိယာဘူးလေးကို နည်းမှန်လမ်းမှန် အသုံးမပြု တတ်ကြခြင်း၊ ရှုသွင်းသောအခါ သက်ဆိုင်ရာနေရာတွင် တစ်ဆယ်စက္ကန့်ကြာအောင် မထားရှိခြင်း၊ အက်ဒရီနယ်လင်ကို ထိုး သွင်းရန် လိုအပ်သောလူနာများမှာလည်း ၁၆ ရာခိုင်နှုန်းလောက်သာ မှန်မှန်ကန်ကန် ထိုးသွင်းနိုင်ခြင်း စသည့် သက်ဆိုင်ရာ ဆေးပစ္စည်းကိရိယာများကို မှန်မှန်ကန်ကန် မသုံးစွဲတတ်ကြသဖြင့် အချိန်မီအသက်ဆယ်ရေးကို လက်လွတ်ဆုံးရှုံးနေကြရကြောင်း ဗြိတိန်နိုင်ငံရှိ ပန်းနာရင်ကျပ်ရောဂါဆိုင်ရာ အဖွဲ့အစည်းက သတိပေး နှိုးဆော်လျက်ရှိသည်။
အထူးသတိပြုရန်မှာ ပန်းနာရင်ကျပ်ရောဂါရှိသော အမျိုးသမီးများ မျိုးအောင်နိုင်မှုပြဿနာ ကြုံတွေ့ နိုင်ပြီး၊ ထိုရောဂါ ဝေဒနာ ခံစားနေရသောအမျိုးသမီးများ ကိုယ်ဝန်ဆောင်နိုင်ရန် ပျမ်းမျှ အချိန် ၅၅ လ နှင့်အထက် ကြာမြင့်နိုင်သည်။ ထို့ကြောင့် ပန်းနာရင်ကျပ်ရှိသော အမျိုးသမီးများအနေဖြင့် ကိုယ်ဝန် မဆောင်ခင် ယင်းရောဂါဝေဒနာကို အရှိန်မြှင့်ကုသမှုခံယူသင့်သည်။
ရောဂါလက္ခဏာများ
ပန်းနာရင်ကျပ်ရောဂါဖြစ်သောအခါ၊ ထိုဝေဒနာ၏စေ့ဆော်မှုကြောင့် အသက်ရှူလမ်းကြောင်း ကျဉ်းသွားလေ့ရှိသည်။ လေချွန်သံကဲ့သို့တရွှီရွှီမြည်ခြင်း၊ ပြတ်တောင်းပြတ်တောင်း အသက်ရှူခြင်း (သို့မဟုတ်) အသက်ရှူရခက်ခဲခြင်း၊ ရင်ဘတ်တင်းကျပ်ခြင်း၊ ချောင်းဆိုးခြင်း၊ ချွဲသံပါခြင်း စသည် တို့ကလည်း ပန်းနာရင်ကျပ်ရောဂါ၏ လက္ခဏာများဖြစ်သည်။ ပန်းနာဝေဒနာသည် အများစုက သိပ်မပြင်းထန်လှသော်လည်း၊ တချို့သူတွေမှာ သေလောက်သည်အထိ အသက်ရှူမွန်းကျပ်စွာ ခံစား ကြရသည်။ နာတာရှည် ပန်းနာဖြစ်ခြင်းကြောင့် အသက်ရှူလမ်းကြောင်းနှင့် လေပြွန်နံရံတွေကို ပို၍ ထူလာကာ ပိတ်ဆို့မွန်းကျပ်မှုကို ဖြစ်စေသည်။ ထိုအခြေအနေမျိုးတွင် ပန်းနာပျောက်ရှူဆေးကိရိယာကို မဖြစ်မနေသုံးစွဲရပါမည်။ ဝေဒနာပြင်းထန်သော်လည်း ကျန်းမာရေးအတွက် ညီညွတ်မျှတစွာနေထိုင်ပြီး၊ နည်းစနစ်တကျ စားသောက်ပေးခြင်းဖြင့် ပန်းနာရင်ကျပ်ရောဂါကို တဖြည်းဖြည်းလျှော့ချနိုင်သည်။ ပန်းနာရင်ကျပ်ရောဂါသည် ရေရှည်ကုသရန်လိုအပ်သဖြင့် မိသားစုဆရာဝန်နှင့် မပြတ်စစ်ဆေးပြသရန် လိုအပ်သည်။
သတိပြုရှောင်ကြဉ်ရန်
ပန်းနာရင်ကျပ်ဝေဒနာသည်များအနေဖြင့် အောက်ပါ အပြုအမူ၊ အနေအထိုင်များကို သတိပြုရှောင်ရှား သင့်သည်။
•    ဖုန်အမှုန့်များ၊ တိရစ္ဆာန်အမွေးအမှင်များ၊ ပန်းဝတ်မှုန်များ၊ ရနံ့စူးရှသော အစားအသောက်၊ ရေမွှေး၊ ပန်းရနံ့တို့က ဓာတ်မတည့်မှုဖြစ်ကာ ပန်းနာရင်ကျပ် ထလာစေနိုင်၍ သတိနှင့် ဆင်ခြင်နေထိုင်ပါ။
•    အေးမြသောလေ (သို့မဟုတ်) စွတ်စိုထိုင်းမှိုင်းသောလေများကို ရှူရှိုက်ရသောအခါ ရောဂါပိုကြွ စေနိုင်၍ အေးသောရာသီမှာ နှာခေါင်းနှင့်ပါးစပ်တို့ကို ခေါင်းစည်းပဝါနှင့် စည်းပတ်ထားပါ။
•    အပူအအေးလွန်ကဲခြင်း၊ နှာစေးခြင်း၊ အအေးမိခြင်း၊ တုပ်ကွေးဖျားနာခြင်းကလည်း ရောဂါကိုကြွ စေတတ်သည်။
•    အမှိုက်ရွက်များ မီးရှို့ခြင်း (သို့မဟုတ်) ထင်းနှင့်ချက်ပြုတ်သော မီးဖိုဘေးမှာ မနေပါနှင့်။
•    စီးကရက်အငွေ့က အသက်ရှူလမ်းကြောင်းများကို လှုံ့ဆွပေးသဖြင့် ဆေးလိပ်မသောက်ပါနှင့် (သို့မဟုတ်) ဆေးလိပ်သောက်သူများနှင့် ဝေးဝေးနေပါ။
•    ထမင်းကို ပမာဏနည်းနည်းနှင့် အကြိမ်များများခွဲစားပါ။ အစာအိမ်အက်စစ်များအပေါ်သို့ ဆန်တက်လာခြင်းက ရင်ပူနာဖြစ်စေကာ ပန်းနာရင်ကျပ်ထခြင်းကို အစပျိုးပေးနိုင်၍ အိပ်ရာမဝင်ခင် ထမင်းမစားပါနှင့်။
•    ပန်းနာရင်ကျပ်ရှိသူ၏ ၅ ရာခိုင် နှုန်းခန့်မှာ အကိုက်အခဲပျောက်ဆေး(NSAIDS)များနှင့် ဓာတ်မတည့် တတ်ကြ ပေ။ ထိုသူများအတွက် အက်စ်ပရင်မပါသော အကိုက်အခဲပျောက်ဆေး တစ်မျိုးဖြစ်သည့် Acetaminophen (Tyneno) ကိုသာ သုံးစွဲပါ။
အိမ်တွင်းကုထုံးများ
•    ပျားရည်က ချွဲများကိုပျော်ကျစေပြီး၊ အသက်ရှူလမ်းကြောင်းကိုပွင့်စေသဖြင့် ပျားရည်ရနံ့ ကိုရှူရှိုက်ပေးပါ။ ရေနွေးပူပူတစ်ခွက်ထဲမှာ ပျားရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းရောဖျော်၍ တစ်နေ့ နှစ်ကြိမ်ကျ စုစုပေါင်း နှစ်ခွက်သောက်ပါ။
•    သဖန်းသီးအခြောက်များကို ရေနွေးစိမ်၍ တစ်ညသိပ်ထားပါ။ နံနက်အိပ်ရာထ ထိုစိမ်ထားသော ရေကို သောက်ပေးခြင်းဖြင့် ချွဲသလိပ်များ ပျော်ဆင်းသွားစေနိုင်သည်(ထိုနည်းအတိုင်း နှစ်လတိတိ ဆက်သောက်ပါ)
•    ပန်းနာရင်ကျပ်ထနေချိန် သံပရာရည်သောက်ပေးခြင်းကလည်း ထူးခြားသက်သာစေနိုင်သည်။
•    ချင်း နှင့်ပဲနံ့သာပင်ပြုတ်ရည်ထဲကို ပျားရည်ခပ်၍ နံနက် တစ်ကြိမ်၊ ညနေ တစ်ကြိမ်သောက်ပါ။
•    ကြက်သွန်ဖြူက ပန်းနာရင်ကျပ်အတွက် အကောင်းဆုံး မီးဖိုချောင်ဆေးဝါးဖြစ်သည်။ ကြက်သွန်ဖြူ ၁၀ မြွှာကို နွားနို့ ၃၀ မီလီလီတာ ဖြင့်ပြုတ်၍ တစ်နေ့ တစ်ကြိမ်သောက်ပါ (သို့မဟုတ်) ရေနွေးဆူဆူမှာ ကြက်သွန်ဖြူ ၄မြွှာခပ်၍ အချိန် ၅ မိနစ်ခန့် အအေးခံပါ။ နံနက်တစ်ကြိမ်၊ ညနေတစ်ကြိမ်သောက်ပေးခြင်းဖြင့် ပန်းနာရောဂါ သိသိသာသာ လျော့ကျစေသည်။
•    ပန်းနာရောဂါထနေချိန်တွင် မုန်ညင်းဆီကို ပရုတ်ဆီနှင့်ရော၍ ကျောနှင့်ရင်ဘတ်အနှံ့ စိမ့်ဝင်သွား အောင် ပွတ်နယ်လိမ်းပေးပါ။ အသက်ရှူလမ်းကြောင်း ပုံမှန်အတိုင်း ပွင့်လာပါလိမ့်မည်။
•    အစေ့ထုတ်ထားသော ဆီးဖြူသီး ၅ ဂရမ်ကို ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်း ဖြင့် ရောနှောစားပေးပါ။ ထိုသို့ စား ခြင်းဖြင့် ရောဂါသက်သာသည့်အပြင် အင်အားများ ပြန်လည်ပြည့်လာစေနိုင်သည်။
•    ဒန့်သလွန်ရွက် လက်တဆုပ်စာပမာဏကို ရေ ၁၈၀ မီလီလီတာဖြင့် အချိန် ၅ မိနစ်မျှပြုတ်ကာ ခပ်နွေးနွေးသောက်ပြီး အရွက်များဝါးစားပါ။
•    အိုမီဂါ-၃ ဖက်တီးအက်ဆစ်ပါရှိသော ဆယ်လ်မွန်ငါးများက ပန်းနာရင်ကျပ်ကို သိသိသာသာ လျော့ကျစေနိုင်သည်။
တိုင်းရင်းကုထုံးများ
•    ပင်စိမ်းရွက်အခြောက်ကို မီးမြှိုက်၍ ရှုရှိုက်ပေးပါ။ ထိုရနံ့က လူကို လန်းဆန်းပေါ့ပါးစေကာ၊ အာရုံစူးစိုက်မှုအား ကောင်းလာစေသည်။
•    ပဲစဉ်းငုံကို တစ်နေ့ နို့ဆီဘူးတစ်ဘူး ဆားခတ်၍ပြုတ်စားပါ။ သိသိသာသာ ပန်းနာရင်ကျပ် သက်သာစေသည်။ ထို ပမာဏအတိုင်း အချိန် လေးလကြာ စားပေးပါက ရောဂါ လုံးဝပျောက်ကင်းစေနိုင်သည်။
•    အမှုန့်ကြိတ်ထောင်းထားသော နတ်ဆေးဂမုန်း နှစ်ကျပ်သားကို ပျားရည်တစ်ပုလင်း ရောစပ်မွှေ၍ အချိန် သုံးရက်ကြာနေလှန်းပါ။ ထောပတ် ၂၀ ကျပ်သား ရောထည့်ပြီး နာနာမွှေကာ နောက်ထပ် လေးရက်ဆက်၍ နေလှန်းပေးပါ။ စုစုပေါင်း ၇ ရက်တိတိနေလှန်းပြီးပါက လက်ဖက်ရည်ဇွန်းနှင့် နံနက်၊ ည တစ်ဇွန်းကျစီ တစ်နေ့ နှစ်ကြိမ် စားပြီး ရေနွေးအဖန်ရည်သောက်ပေးပါ၊
•    ရှောက်သီးတစ်လုံးနှင့်အတူ လင်းနေမြစ်၊ ဒန့်သလွန်မြစ်၊ သင်္ဘောဖိုမြစ်( ထိုအမြစ် သုံးမျိုးကို ယင်းနှင့်အလေးချိန်တူ ရှောက်သီးတစ်လုံး) တို့ကို မြေအိုးထဲထည့် လုံအောင်ပိတ်ပြီး၊ ကျွမ်းအောင်ဖုတ်၍ အမှုန့်ကြိတ်ပါ။ ထိုဆေးမှုန့်ကို တစ်နေ့ အနည်းဆုံး နှစ်ကြိမ်လျှက်စားပါ။
•    ဟင်းခတ်မဆလာနှင့်ပျားရည်ဆတူရောပြီးလျှက်ပေးပါ။
•    ကြောင်၊ ရှူးပျံသားကို သင်္ဘောသီးစိမ်းနှင့်ချက်စားပါ။
•    (ပထမရက်) သင်္ဘောသီးစိမ်းတစ်လုံးကို အလုံးလိုက်ရေစင်စင်ဆေးပါ။ အပေါ်ခွံကိုလွှာမပစ်ဘဲ သင်္ဘောခြစ်နှင့် ခြစ်၍၊ ငရုတ်စိမ်း၊ ကြက်သွန်နီ၊ ပုစွန်ခြောက်၊ ငံပြာရည် နှင့် သံပရာရည်ရွှဲရွှဲဆမ်းပြီး အဝစားပါ (နေ့လယ် ထမင်းလျှော့စားပါ)။ (ဒုတိယရက်) နောက်တစ်နေ့တွင် သင်္ဘောမယ်ဇလီပွင့်ခြောက်ကို လက်ဖက်ရည်ကြမ်းသောက်သကဲ့သို့ အကြမ်းပန်းကန်နှင့် ၅ လုံးခန့် သောက်ပါ။ အပွင့်ခြောက်မရှိပါက အပွင့်အစိုကို ပြုတ်၍ဖြစ်စေ၊ အရွက်နုကို ငါးပိနှင့် တို့စား၍ဖြစ်စေ ဝမ်းသွားအောင်စားပါ (သလိပ်များက ဝမ်း နှင့်အတူဆင်းသွားပါလိမ့်မည်)။ (တတိယရက်) ဝမ်းသွားပြီး နောက်တစ်နေ့တွင် အုန်းနှဲရွက်အစိုဖြစ်စေ၊ အခြောက်ဖြစ်စေ ထန်းလျက်နှင့် ဆတူကြိတ်ပါ။ ဆီးဖြူသီးအရွယ်ခန့် လုံးပြီး နံနက်၊ နေ့၊ ည တစ်လုံးစီသောက်ပါ။ (ဖော်ပြပါ အစီအစဉ်အတိုင်း ဆေးပတ်လည်အောင် ၃ ရက်တိတိ သောက်ပါ။ ရောဂါ အထူအပါးအပေါ်မူတည်ကာ တချို့က တစ်ကြိမ်။ တချို့က ၃ ကြိမ် ဆေးပတ်လည်အောင် သောက်ခြင်းဖြင့် ရောဂါအမြစ်ပြတ်ပျောက်သည်)
ကောင်းကျိုးပြုသော သစ်သီးများ
မုန်လာဥနီက အသက်ရှူလမ်းကြောင်းရှိ အကျိအချွဲတွေကို ရှင်းထုတ်ပေးနိုင်သော အကောင်းဆုံး အစားအစာဖြစ်သည်။ ပန်းနာရောဂါသည်များအနေဖြင့် ဝေဒနာအခြေအနေ မပြင်းထန်စေဖို့အတွက် မုန်လာဥနီကို မဖြစ်မနေစားပေးသင့်သည်။ မုန်လာဥနီကိုကြိတ်ချေ၍ ဖျော်ရည်အဖြစ်လည်း သောက်သုံးနိုင်သည်။ ယင်းမုန်လာဥနီဖျော်ရည်ထဲသို့ တရုတ်နံနံပင်ထည့်၍ ဖျော်သောက်ခြင်းက ပန်းနာ ရောဂါအတွက် ပိုမိုဆေးစွမ်းထက်မြက်စေသည်။
မုန်လာဥနီအရသာကို လုံးဝမနှစ်သက်သူတွေအတွက် တခြားသောနည်းလမ်းတွေရှိပါသည်။ ဗီတာမင်စီ၊ ဘီတာကယ်ရိုတင်း နှင့် ဖလေဗိုနွိုက်တို့ မြင့်မားစွာပါရှိသော သစ်သီးဝလံများကို စားပေးပါ။ ယင်းဓာတ် သုံးမျိုးတို့၏ အာဟာရဓာတ်ပြုမှုက အသက်ရှူလမ်းကြောင်းပြဿနာများကို လျော့ပါးသက်သာစေသည့်အပြင်၊ အဆုပ်၏စွမ်းဆောင်ရည်ကိုပါ တိုးမြင့်လာစေသည်။ ထို့ပြင် ယင်းအာဟာရဓာတ်များက အသက်ရှူကျပ်သည့်အဆုတ်ရောဂါ၊ လေပြွန်ဖောင်းပွသည့်ရောဂါများကိုပါ သက်သာစေသည်။ အဆိုပါ ဓာတ်သုံးမျိုးကို အောက်ဖော်ပြပါ သစ်သီးဝလံတွေထဲတွင် ရရှိနိုင်သည်။
•    စမုံစပါး
•    သခွားသီး
•    ဟင်းနုနယ်ရွက်
•    ခရမ်းချဉ်သီး
•    Beetroot (ခေါ်) အစိမ်းရင့်ရောင် အရွက်ကြီးများဖြင့် သွေးနီရောင်ကဲ့သို့ အရည်ရွှမ်းသော မုန်လာဥနီအလုံး
•    ရွှေဖရုံသီး
•    စတော်ဘယ်ရီသီး
•    သလဲသီး နှင့်
•    နာနတ်သီး စသည်တို့ဖြစ်ကြသည်။
ကိုးကား။ daily mail, asthma fruits      (ပေါက်ပေါက်)






အခြားဆက်စပ်သတင်းများ