ရန်ကုန်၊ ဇန်နဝါရီ ၈
ကမ္ဘာပေါ်တွင် နှစ်စဉ်လူဦးရေ ၈ သန်းသည် ဆေးလိပ်၊ ဆေးရွက်ကြီးသုံးစွဲမှုကြောင့် နှလုံးရောဂါ၊ နာတာရှည် အဆုတ်ရောဂါ၊ လေဖြတ်လေငန်းရောဂါ၊ ကင်ဆာရောဂါအမျိုးမျိုးအစရှိသည့် ရောဂါများကြောင့် အရွယ်မတိုင်မီ အသက်ဆုံးရှုံးစေပါသည်။ ထိုအထဲမှ လူပေါင်း ၁ သန်းသည် တစ်ပါးသူ၏ ဆေးလိပ်ငွေ့ကို ရှူရှိုက်ရခြင်းကြောင့် ရောဂါဖြစ်ပွားပြီး အရွယ်မတိုင်မီ သေဆုံးလျက်ရှိကြောင်းနှင့် အများစုသည် အမျိုးသမီးများနှင့် ကလေးငယ်များ ဖြစ်ကြောင်း တွေ့ရသည်။ ဆေးလိပ်အန္တရာယ်သည် သောက်သုံးသူကိုသာမက အနီးပတ်ဝန်းကျင်နေသူများကိုပါ အန္တရာယ်ပြုနိုင်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကလည်း ဆေးလိပ်မသောက်သူများသည် တစ်ဆင့်မီးခိုးရှူရှိုက်မိပြီး ရောဂါများဖြစ်ပွားလျက်ရှိကြောင်း သတိပေးကြေညာချက်များ ထုတ်ပြန်ထားသည်။ နှစ်စဉ်ဆေးလိပ်နှင့် ဆေးရွက်ကြီးမှ နိုင်ငံလူဦးရေ ၆၅ ဒသမ ၆၅၁ ဦးကို သေဆုံးလျက်ရှိကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၏ ၂၀၁၈ ခုနှစ် စစ်တမ်းများအရဖော်ပြထားရာ ယင်းအရေအတွက်သည် မြန်မာနိုင်ငံရှိ သေဆုံးသူများ၏ ၁၇ ဒသမ ၆ ရာခိုင်နှုန်းဖြစ်ကြောင်း သက်ဆိုင်ရာက အသိပေးထားသည်။
ဆေးလိပ်၊ ဆေးရွက်ကြီးထွက်ပစ္စည်းမျိုးစုံရှိရာ အငွေ့ထွက်သော ဆေးရွက်ကြီးပစ္စည်းများ၊ အငွေ့မထွက် သော ဆေးရွက်ကြီးပစ္စည်းများအပြင် ယခုအချိန်တွင် လူငယ်များကိုဆွဲဆောင်ရန် ပစ္စည်းအသစ်များဖြစ်သော ဆေးရွက်ကြီးကိုအပူပေးပြီး အငွေ့ရှူရသောပစ္စည်းနှင့် ဆေးလိပ်အစားထိုးပစ္စည်းများအဖြစ် E-Cigarette (Electronic Nicotine Delivery System-ENDS) သို့မဟုတ် အခြားအမည်များအဖြစ် e-Cigs/ e-hook ahs/ mods/ Vape pens/ Vapes/ Tank Systems စသည့် ပစ္စည်းများထုတ်လုပ်လာကြပြီး လူငယ်လူရွယ်များကို ဆွဲဆောင်ရန်ရည်ရွယ်လျက် နည်းလမ်းမျိုးစုံနှင့် အရောင်းမြှင့်တင်ခြင်း၊ ကြော်ငြာခြင်းတို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝှိုက်၍ဖြစ်စေ ဆောင်ရွက်လျက်ရှိရာ အီးစီးကရက်၊ ရှီရှားစသည့် ပစ္စည်းအသစ်များကို လူငယ်များအကြိုက် အနံ့အရသာမျိုးစုံဖြင့် ထုတ်လုပ်ရောင်းချလျက်ရှိသည်။
ဆေးလိပ်၊ ဆေးရွက်ကြီးထွက်ပစ္စည်းများနှင့် ပစ္စည်းသစ်များမှာပါဝင်သော နီကိုတင်းသည် ပြင်းထန်စွာ စွဲလမ်းသောကြောင့် ဆယ်ကျော်သက်အရွယ်မှာ စတင်အသုံးပြုမိပါက နီးကိုတင်း၏ အာနိသင်ကြောင့် ပြင်းထန်စွာ စွဲလမ်းသွားစေသည်။ ဖြတ်တောက်ရခက်ခဲသော နာတာရှည်စွဲလမ်းစေသည့် ရောဂါတစ်မျိုးဖြစ်ကာ ပျှမ်းမျှအားဖြင့် ဆေးလိပ်သောက်သူများသည် ဆေးလိပ်မသောက်သူများနှင့် နှိုင်းယှဉ်လျှင် ၁၀ နှစ်ခန့် သက်တမ်းပိုတိုကြောင်း အသိပေးထားသည်။ ဆေးလိပ်၊ ဆေးရွက်ကြီးထွက်ပစ္စည်းနှင့် ပစ္စည်းအသစ်များကြောင့် ကျန်းမာရေးအတွက်သာမက လူမှုရေး၊ စီးပွားရေးနှင့် ပတ်ဝန်းကျင်ထိခိုက်ပျက်စီးစေခြင်းကို ကာကွယ် ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ဝန်ကြီးဌာနများအဖွဲ့အစည်းများအင်အားဖြင့် လူငယ်လူရွယ်များအပါအဝင် ပြည်သူလူထုတစ်ရပ်လုံးက ပူးပေါင်းပါဝင် တိုက်ဖျက်ကြစေချင်ကြောင်း။ ။