ရန်ကုန်၊ ဇန်နဝါရီ ၇
ရန်ကုန်မြို့တော်ကြီးကို နိုင်ငံတကာမြို့ကြီးများနှင့်အညီ ဖွံ့ဖြိုးတိုးတက်စေရန် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်လျက်ရှိသည်ကို မြင်တွေ့ရပေသည်။
ထိုသို့ပြုပြင်ပြောင်းလဲမှုများတွင် ရန်ကုန်မြို့တွင်းဧရိယာအတွင်းရှိ အဓိကလမ်းမကြီးများတွင် မော်တော်ယာဉ်များ လွယ်လင့်တကူမောင်းနှင်ရန်အတွက် လမ်းများတိုးချဲ့ခြင်း၊ လူသွားစင်္ကြံများပြုပြင်ခြင်းလုပ်ငန်းများကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (လမ်း/တံတား) ဌာနမှ ဝန်ထမ်းများက အလျှင်အမြန်ဆောင်ရွက်ပေးလျက်ရှိသည်။ အလားတူ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ မြန်မာ့မီးရထားက တာဝန်ယူတည်ဆောက်သည့် အင်းစိန်ရထားလမ်းခုံးကျော်တံတားအမှတ် (၂) (မင်းကြီးလမ်းလက်တက်တံတား) ကို ဇန်နဝါရီ ၄ ရက်က ဖွင့်လှစ်ခဲ့သည်။ အဆိုပါတံတားကို ပြည်ထောင်စုရန်ပုံငွေ ကျပ်သန်း ၁၉၀၀ ဖြင့် ၂၀၁၉ ခုနှစ်၊ ဇွန်လ ၁ ရက်တွင် စတင်တည်ဆောက်ခဲ့ရာ တံတားအရှည် ၄၄၁ ပေ၊ အကျယ် ၂၂ ပေ လူသွားလမ်းတစ်ဖက်လျှင် သုံးပေ၊ တံတားခံနိုင်ဝန်တန် ၇၀၊ တစ်လမ်းသွား သံကူကွန်ကရစ်တံတားဖြစ်သည်။ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၃၀ ရက်တွင် တည်ဆောက်ပြီးစီးခဲ့ သည်။
ထိုကဲ့သို့လမ်းများ၊ ပလက်ဖောင်းများ၊ တံတားများတိုးချဲ့ပေးလိုက်သည့်အတွက် မော်တော်ယာဉ်ရပ်နားရန် နေရာများ ကျယ်ဝန်းလာပြီး လူသွားစင်္ကြံကျဉ်းမြောင်းသွားသည်ကို မြို့နေပြည်သူများ နားလည်မှုရှိကြမည် ဖြစ်ပေသည်။ ရန်ကုန်မြို့တွင်း ယာဉ်ကြောပိတ်ဆို့မှုများ ထိုက်သင့်သလောက် လျော့နည်းလာပြီဟု ဆိုနိုင်ပါ သည်။ သို့သော် တိုးချဲ့ပေးလိုက်သော လမ်းများ၊ ရပ်နားစခန်းများ တိုးတက်လာသော်လည်း ရန်ကုန်မြို့တော် အတွင်း မော်တော်ယာဉ်များ တစ်နေ့တစ်ခြား တိုးတက်များပြားလာ၍ ခြောက်လမ်းသွားလမ်းမကြီးများ အပါအဝင် အဓိကလမ်းမကြီးပေါ်၌ ယာဉ်များ စည်းကမ်းမဲ့ရပ်နားကြသဖြင့် ယာဉ်ကြောပိတ်ဆို့မှုနှင့် ယာဉ် မတော်တဆမှုများ တိုးတက်များပြားလာကြောင်း တွေ့ရသည်။ ထိုကဲ့သို့ အဓိကလမ်းမကြီးများပေါ်တွင် စည်းကမ်းမဲ့ယာဉ်ရပ်နားခြင်း မရှိစေရေးအတွက် သက်ဆိုင်ရာသတိပေးနှိုးဆော်ချက်များ အသိပေးထားရာ ခရီးသည်တင်ယာဉ်များ ခေတ္တခဏရပ်နားခြင်းမှအပ မည်သည့်ယာဉ်မှ ရပ်နားခြင်းမပြုရန် နှိုးဆော်ထားသည်။
ခရီးသည်တင်ယာဉ်များအနေဖြင့် မှတ်တိုင်များ၌ ရပ်၊ ချ၊ တင်၊ ထွက်စနစ်ကို လိုက်နာရန်လိုပေသည်။ ယာဉ်ရပ်နားခြင်း မပြုရသောလမ်းများပေါ်တွင် ညအိပ်ရပ်နားခြင်းကို တားမြစ်ထားရာ ကုန်စည်ပို့ဆောင်ရေး စခန်းများတွင် လမ်းပိတ်ဆို့မှုများကို အထိုက်အလျောက်ပြေလည်စေမည်ဖြစ်သည်။ ယခုရက်ပိုင်းအတွင်း သီရိမင်္ဂလာဈေးသစ်၊ ဘုရင့်နောင်ပွဲရုံနှင့် ဆက်စပ်လမ်းများ၊ ရွှေပြည်သာ၊ တညင်းကုန်းလမ်းဆုံတွင် ယာဉ်ကြော ပိတ်ဆို့မှုကို အချိန်ကြာမြင့်စွာ ခံစားဖြတ်ကျော်နေရသည်။
ရန်ကုန်မြို့တော်ကြီးအတွင်း ယာဉ်ကြောပိတ်ဆို့မှုများကို သက်ဆိုင်ရာတာဝန်ရှိသူများက ကိုယ်စီ အသိစိတ်ဓာတ်ဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်စေချင်ကြောင်း။ ။