နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရုရှားနိုင်ငံမှ ဆေးရုံဝန်ထမ်းအချို့ နှာခေါင်းစည်းမပါဘဲ အလုပ်လုပ်နေရ

မေ ၈၊ မော်စကို

ရုရှားနိုင်ငံ၏ ပြည်နယ်များတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု မြင့်တက်နေသော်လည်း ဆေးရုံဝန်ထမ်းအချို့မှာ နှာခေါင်းစည်းမပါဘဲ အလုပ်လုပ်နေရကြောင်း ဘီဘီစီသတင်းဌာနက ဖော်ပြသည်။ ပြီးခဲ့သည့်လက ရုရှားနိုင်ငံတွင် COVID-19 ကူးစက်မှု တစ်ဟုန်ထိုးမြင့်တက်လာခဲ့ပြီး ကူးစက်ခံရသူ ၁၇၇၁၆၀ ဦး၊ သေဆုံးသူ ၁၆၂၅ ဦး ရှိနေသည်။

ယခင်က ဥရောပနိုင်ငံကြီးများအနက် ရောဂါကူးစက်ခံရမှု အနည်းဆုံးနိုင်ငံဖြစ်ခဲ့သည့် ရုရှားနိုင်ငံမှာ ယခုအခါတွင် ရောဂါကူးစက်မှု အဆိုးရွားဆုံး နိုင်ငံများစာရင်းတွင် အဆင့်(၅) နေရာ ရပ်တည်နေသည်။ အိုမင်းဟောင်းနွမ်းပြီး ပစ္စည်းကိရိယာမစုံလင်သည့် ဆေးရုံများမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အဓိကဖြစ်ပွားသည့် နေရာများဖြစ်နေသကဲ့သို့ ရောဂါကူးစက်ခံရ၍ သေဆုံးသွားသည့် ကျန်းမာရေးဝန်ထမ်း အရေအတွက်လည်း များပြားလာသည်။

ရုရှားနိုင်ငံတွင် တစ်ကိုယ်ရေကာကွယ်ရေးဝတ်စုံ မလုံလောက်ကြောင်း သမ္မတပူတင်က ဝန်ခံထားပြီး တိုးမြှင့်ထုတ်လုပ်ရန် ညွှန်ကြားထားသည်။ သို့သော် ရုရှားနိုင်ငံ၏ ကျန်းမာရေးဝန်ထမ်းများမှာ  သင့်တော်သည့် အကာအကွယ်မပါဘဲ အလုပ်လုပ်နေရသည့် အခြေအနေကို  လူသိရှင်ကြား ထုတ်ပြောရန် ကြောက်လန့်နေကြသည်။ မော်စကိုမြို့မှ ကီလိုမီတာ ၁၄၀၀ ကွာဝေးသည့် အက်စထရာခန်မြို့ ဆေးရုံတွင် ကာကွယ်ရေးပစ္စည်း လုံလောက်စွာမရှိ၍ ကျန်းမာရေးဝန်ထမ်းများ ရောဂါကူးစက်ခံနေရသည်။ '' သူတို့က လိုအပ်တာအားလုံးရှိတယ်။ ပစ္စည်းကိရိယာ ပြည့်စုံတယ်လို့ ပြောထားပေမဲ့ အဲဒါက မမှန်ပါဘူး''ဟု ကျန်းမာရေးဝန်ထမ်းတစ်ယောက်က ပြောသည်။
 
Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ