နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လစ်ဗျားပြည်တွင်းစစ်တွင် ရုရှားကြေးစားစစ်သည်များ ပါဝင်တိုက်ခိုက်နေဟု ဆို

မေ ၈၊ ဂျီနီဗာ

ရုရှားနိုင်ငံ၏ Wagner Group မှ ကြေးစားစစ်သည် ရာပေါင်းများစွာက လစ်ဗျားစစ်ပွဲတွင် ပါဝင်တိုက်ခိုက်နေကြောင်း ပေါက်ကြားခဲ့သည့် ကုလသမဂ္ဂ၏ အစီရင်ခံစာတစ်ရပ်တွင် ဖော်ပြထားသည်။ ထရီပိုလီမြို့အခြေစိုက် ကုလသမဂ္ဂအသိအမှတ်ပြု အစိုးရ၏ တပ်ဖွဲ့များကို ရင်ဆိုင်တိုက်ခိုက်နေသည့် ဗိုလ်ချုပ်ကြီး ခါလီဖာဟက်ဖ်တာအတွက် ကြေးစားစစ်သည်များက တိုက်ခိုက်ပေးနေသည်ဟု ဆိုသည်။ ၂၀၁၄ ခုနှစ်နောက်ပိုင်း စင်ပြိုင်အစိုးရနှစ်ဖွဲ့ ထိန်းချုပ်ထားသည့် ဒေသများကြား လစ်ဗျားနိုင်ငံ နှစ်ခြမ်းကွဲခဲ့သည်။

Wagner Group မှ ကြေးစားစစ်သည်များမှာ ယူကရိန်း၊ ဆီးရီးယားနှင့် အခြားပဋိပက္ခများတွင် ပါဝင်ခဲ့သည်ဟု ယုံကြည်ထားကြသည်။ သို့သော် ကြေးစားစစ်သည်အဖွဲ့တွင် အစိုးရ ပါဝင်ပတ်သက်ခြင်းမရှိဟု ရုရှားအစိုးရက ငြင်းဆန်ထားသည်။ ကုလသမဂ္ဂ၏ လစ်ဗျားနိုင်ငံဆိုင်ရာ အရေးယူပိတ်ဆို့မှုကော်မတီအတွက် သီးခြားစောင့်ကြည့်ပေးနေသူများက အဆိုပါအစီရင်ခံစာကို ရေးသားခဲ့ခြင်းဖြစ်သည်။ အဆိုပါအစီရင်ခံစာကို တရားဝင် ထုတ်ပြန်ရခြင်းမရှိသေးသော်လည်း သတင်းအေဂျင်စီများက မြင်တွေ့ခဲ့ခြင်းဖြစ်သည်။

လစ်ဗျားပြည်တွင်းစစ်တွင် Wagner Group ပါဝင်နေခြင်းကို ကုလသမဂ္ဂက ပထမဆုံးအကြိမ် အတည်ပြုခဲ့ခြင်းဖြစ်ပြီး ကြေးစားစစ်သည် ၈၀၀ မှ ၁၀၀၀ ကြား ပါဝင်လှုပ်ရှားနေဖွယ်ရှိသည်ဟု ဆိုသည်။ ကြေးစားစစ်သည်အများစုမှာ ရုရှားနိုင်ငံသားများဖြစ်သော်လည်း ဘီလာရုစ်၊ မော်ဒိုဗာ၊ ဆားဘီးယားနှင့် ယူကရိန်းနိုင်ငံသားများလည်း ပါဝင်သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။ ဆီးရီးယားနိုင်ငံမှ ကြေးစားစစ်သည်များကလည်း ဗိုလ်ချုပ်ကြီး ခါလီဖာဟက်ဖ်တာအတွက် တိုက်ခိုက်ပေးနေသည်ဟု အစီရင်ခံစာတွင် ဖော်ပြသည်။ 
                                                                               
Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ