နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိမ်မွေးတိရစ္ဆာန်နှင့် ဗိုင်းရပ်စ်အန္တရာယ်

ရန်ကုန်၊ ဇန်နဝါရီ ၆

တိုးတက်လာသော လူနေမှုစနစ်နှင့်အညီ နေအိမ်များ၌ အိမ်မွေးတိရစ္ဆာန်များ မွေးမြူလာကြသည်။ အများဆုံးမွေးမြူကြသည့် တိရစ္ဆာန်များမှာ ခွေး၊ ကြောင်နှင့် ကျေးငှက်တို့ဖြစ်ကြသည်။ ထိုအိမ်မွေးတိရစ္ဆာန်များ သည် လူနှင့်အနီးကပ်ဆုံး သတ္တဝါများဖြစ်ကြသဖြင့် စနစ်တကျမွေးမြူတတ်ကြရန် အရေးကြီးပေသည်။ တိရစ္ဆာန်တို့တွင် ဗိုင်းရပ်စ်ပိုးများ လူကိုကူးစက်ခံရပါက လူ့အသက်အန္တရာယ်ကို ခြိမ်းခြောက်လာနိုင်သည်။ ခွေးရူးရောဂါသည် လူအပါအဝင် သွေးနွေးသတ္တဝါများတွင် ဦးနှောက်ရောင်ရမ်းစေသော ဗိုင်းရပ်စ်ကြောင့် ဖြစ်သည်။ ခွေးရူးရောဂါပိုးကို ရောဂါဖြစ်နေသည့်သတ္တဝါ၏ သွားရည်၊ ဦးနှောက်နှင့်အာရုံကြောတစ်သျှူးများတွင် တွေ့ရပေသည်။

ခွေးရူးရောဂါသည် ခွေးများတွင်သာမက ကြောင်များတွင်လည်း ဖြစ်ပွားတတ်ကြောင်းသိရသည်။ ရောဂါ ဖြစ်နေသည့် တိရစ္ဆာန်အကိုက်ခံရခြင်းကြောင့်သော်လည်းကောင်း၊ သွားရည်ကို အနာ၊ ပွန်းပဲ့ဒဏ်ရာရှိနေသည့် သတ္တဝါမှ ထိတွေ့ကိုင်တွယ်မိခြင်းကြောင့်သော်လည်းကောင်း ကူးစက်ပျံ့နှံ့နိုင်သည်။ ယင်းဗိုင်းရပ်စ်များ လူ၏ ကိုယ်ခန္ဓာအတွင်း ရောက်ရှိသွားပါက အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်ပါသည်။ အိမ်မွေးတိရစ္ဆာန်မွေးမြူမည် ဆိုပါလျှင် အိမ်မွေးတိရစ္ဆာန်များကို တိရစ္ဆာန်ဆေးကုဆရာဝန်များနှင့် ပြသပြီး ခွေးရူးပြန်ရောဂါကာကွယ်ဆေး နှင့် အခြားရောဂါကာကွယ်ဆေးထိုးနှံပေးရန် အရေးကြီးသည်။

အိမ်မွေးတိရစ္ဆာန်မွေးမြူသူတိုင်း သတိပြုရမည့်အချက်မှာ တိရစ္ဆာန်များနှင့် အရောတဝင်မနေရန်နှင့် အရောတဝင်ပြုမိပါက အမှတ်မထင် လူကိုကိုက်တတ်ကြောင်း တိရစ္ဆာန်ဆေးကုဆရာဝန်များက အသိပေးလျက် ရှိသည်။ ခွေးရူးရောဂါရှိနိုင်ချေရှိသော ခွေးအပါအဝင် အခြားတိရစ္ဆာန်များ၏ အကိုက်ခံရလျှင် အကိုက်ခံရပြီးပြီးချင်း ဒဏ်ရာကို ဆပ်ပြာ၊ ရေတို့နှင့် ၁၅ မိနစ်ခန့် ဆေးကြောပါ။ ထို့နောက် ပိုးသတ်ဆေးရည် တစ်မျိုးမျိုးကို ထည့်ပေးရန်နှင့် ကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းထံသို့ အမြန်ဆုံးသွားရောက်၍ စနစ်တကျကုသသင့်ကြောင်း၊ မျက်နှာ၊ လည်ပင်း (သို့မဟုတ်) လက်ညှိုးထိပ်တို့ကို ကိုက်ခံရလျှင် အလွန် အရေးကြီးပြီး အရေးပေါ်ကုသမှုခံယူရန်လိုအပ်သည်။

ခွေးကိုက်ခံရခြင်းမှကာကွယ်ရန် သတိပြုရမည့်အချက်များမှာ ခွေးကိုခြောက်လှန့်ခြင်း၊ အနှောင့်အယှက် ပေးခြင်း မပြုရ။ (အထူးသဖြင့် အစာကျွေးနေစဉ် (သို့) ကြိုးချည်ထားစဉ်) စိတ်ဆိုးနေသည့်ခွေး (သို့) ကြောက်ရွံ့ နေသည့်ပုံပေါ်နေသည့် ခွေးနှင့် ဝေးရာတွင်နေပါ။ ခွေး သင့်အနားသို့ချဉ်းကပ်လာလျှင် မလှုပ်မရှားဘဲ ငြိမ်သက်စွာရပ်နေပါ။ အကယ်၍ သင်သည် ခွေးအနီးတွင်လဲကျခဲ့လျှင် ကျောက်တုံးတစ်ခုအသွင် ငြိမ်သက်စွာ နေပါ။ သင်ကိုယ်တိုင်လည်း ခွေးတစ်ကောင်အနီးသို့ ချဉ်းကပ်လျှင် ဖြေးညင်းငြိမ်သက်စွာသွားရန်တို့ ဖြစ်သည်။ ခွေးရူးရောဂါသည် ၁၀၀ ရာခိုင်နှုန်း ကြိုတင်ကာကွယ်နိုင်သော ရောဂါပင်ဖြစ်သည်။ အိမ်မွေးတိရစ္ဆာန်များကို ခွေးရူးရောဂါအတွက် ကြိုတင်ကာကွယ်ဆေးများ ထိုးနှံသင့်သည်။ ထို့ကြောင့် အိမ်မွေးတိရစ္ဆာန်မွေးမြူသူတိုင်း အိမ်မွေးတိရစ္ဆာန်များကို ကာကွယ်ဆေးထိုးနှံပြီးမှ မွေးမြူရန်လိုအပ်ပါကြောင်း။         ။






အခြားဆက်စပ်သတင်းများ