ဇန်နဝါရီ ၅
စီးရီးအေပွဲစဉ်အဖြစ်အင်တာမီလန်နဲ့ခရိုတုန်းအသင်းတို့ပွဲစဉ်မှာအင်တာမီလန် အသင်းတိုက်စစ်မှူး လူကာကူဟာ ခရိုတုန်းအသင်းကို ဂိုးသွင်းယူခဲ့ပြီးနောက် ဂန္ထဝင်ကစားသမားကြီး ရော်နယ်ဒို ရဲ့စံချိန်ကို ချိုးဖျက်နိုင်ခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ အင်တာမီလန်အသင်းဟာ ခရိုတုန်းအသင်းနဲ့ ကစားတဲ့ ပွဲမှာ လောတရိုမာတီးနက်စ်က ၃ ဂိုး၊ လူကာကူ၊ ဟာကီမီ နဲ့ ခရိုတုန်းအသင်းက မာရိုနီက ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့တာကြောင့် ၆ -၂ ရလဒ်နဲ့ အနိုင်ရခဲ့တာဖြစ် ပါတယ်။ လူကာကူဟာ ဒီပွဲမှာ ဂိုးသွင်းယူပြီးနောက် အင်တာမီလန်အသင်း သမိုင်းတစ်လျှောက်ရော်နယ်ဒိုရဲ့စံချိန်ဖြစ်တဲ့ ပွဲအရေအတွက်နည်းနည်းနဲ့ အမြန်ဆုံးသွင်းဂိုး ၅၀ ပြည့်တဲ့ ကစားသမားစံချိန်ကို ချိုးဖျက်ပြီး စံချိန်သစ်တင်ခဲ့တာဖြစ်ပါတယ်။ အင်တာမီလန်တိုက်စစ်မှူးဟာ အင်တာမီလန် အသင်းအတွက် ပွဲ ၇၀ ကစားအပြီးမှာ အခုလို သွင်းဂိုး ၅၀ ပြည့်ခဲ့တာပါ။ လူကာကူဟာ ပြီးခဲ့တဲ့နှစ်ရာသီက မန်ချက်စတာယူနိုက်တက် အသင်းကနေ အင်တာမီလန်ကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်မှာ ရုန်းကန်ခဲ့ရပေမယ့် အင်တာမီလန်အသင်းမှာ တော့ လူကာကူဟာ အကောင်းဆုံး ခြေစွမ်းပြနေခဲ့တာဖြစ်ပါတယ်။ လူကာကူဟာ ခရိုတုန်းနဲ့ပွဲမှာ ပါဝင် ကစားခဲ့ပြီးနောက် စီးရီးအေပွဲစဉ် ၅၀ ပြည့်သွားခဲ့သလို စံချိန်အသစ်လည်း ရခဲ့တာဖြစ်ပါတယ်။ အင်တာ မီလန်တိုက်စစ်မှူးဟာ အခုရာသီ စီးရီးအေ ပြိုင်ပွဲမှာလည်း ၁၂ ဂိုးသွင်းယူ ထားပြီး စီရော်နယ်ဒို ရဲ့နောက် ဒုတိယ ဂိုးအများဆုံးသွင်းသူအဖြစ်ရပ်တည်နေပါတယ်။ အခုနှစ်ရာသီ အင်တာမီလန် အသင်းဟာ စီးရီးအေပြိုင်ပွဲမှာ ထိပ်ဆုံးနေရာက မြို့ခံပြိုင်ဘက် အေစီမီလန်အသင်းနဲ့ ၁ မှတ်အကွာ ဒုတိယနေရာမှာ ရပ်တည်နေတာလည်း ဖြစ်ပါတယ်။ (SO)