ရန်ကုန်၊ ဇန်နဝါရီ ၅
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းတွင် သဘာဝဘေးများ အဖြစ်များနေသောကာလဖြစ်သည်။ လူ့ပယောဂကြောင့် ဖြစ်သောဘေးများကိုမဖြစ်အောင် တားဆီး၍ရကောင်းရမည်ဖြစ်သော်လည်း သဘာဝ ပယောဂကြောင့်ဖြစ်သော ဘေးများကိုတားဆီး၍ ရမည်မဟုတ်ပေ။ ယနေ့အချိန်အခါတွင် သဘာဝပယောဂ ကြောင့် ဘေးများအဖြစ်များလာပြီး ဘေးကြောင့် လူ့အသက်၊ အိုးအိမ်၊ စည်းစိမ်များ၊ အခြေခံအဆောက်အအုံများ နှင့် သဘာဝပတ်ဝန်းကျင်ကို ပျက်စီးဆုံးရှုံးမှုများသည်လည်း ပိုမိုများပြားလာလျှက်ရှိသည်။ ကိုဗစ်-၁၉ ရောဂါ သည် ကမ္ဘာ့နိုင်ငံအနှံ့အပြားတွင် ကူးစက်ပြန့်ပွားဆဲဖြစ်သကဲ့သို့ မိမိတို့နိုင်ငံတွင်လည်း ရန်ကုန်တိုင်းဒေသကြီး အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ကူးစက်ပျံ့နှံ့ဆဲဖြစ်ရာ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ် ကုသရေး ဗဟိုကော်မတီ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့က ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ နည်းဗျူဟာများပြောင်းလဲချိန်ဆ ဆောင်ရွက်လျက်ရှိသည်။ ပြောင်းလဲဆောင်ရွက်ရာတွင် အခြေခံရပ်ကွက်၊ ကျေးရွာများအထိ အမှန်တကယ်ပြောင်းလဲဆောင်ရွက်ကြရန် ပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီးပေသည်။
ပြည်သူလူထုအခြေပြု ကိုဗစ်-၁၉ ထိန်းချုပ်ရေးအစီအစဉ်တွင် ပြည်သူလူထုအခြေပြုရပ်ရွာစေတနာ့ဝန်ထမ်းများ (Community COVID Volunteer-CCV) များအနေဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ပူးပေါင်း ဆောင်ရွက်ရာတွင် ပြည်သူလူထုနှင့် နီးစပ်စွာဆောင်ရွက်ခဲ့မှု အတွေ့အကြုံများသော မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအဖွဲ့များကလည်း ပါဝင်စွမ်းဆောင်ရေးသည် အရေးပါလျက်ရှိသည်။
ပြည်သူလူထုအခြေပြု ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေး ရပ်ရွာစေတနာ့ဝန်ထမ်းများ လေ့ကျင့်မွေးထုတ် အကောင်အထည်ဖော်ရေးသည် အရေးပါသကဲ့သို့ ပူးပေါင်းဆောင်ရွက်ကြရမည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း စသည်ဖြင့် စုပေါင်းချိတ်ဆက်မှုသည် ပြည်သူလူထုအတွက် အကောင်းဆုံးဆောင်ရွက်နိုင်မှု တစ်ရပ် ဖြစ်ပေသည်။ သဘာဝဘေးအန္တရာယ်အမျိုးမျိုးတို့၏ အန္တရာယ်ကို လျင်မြန်စွာရင်ဆိုင်တုံ့ပြန်ကျော်လွှားရာတွင် ပရဟိတလူငယ်များ၏ တက်ကြွစွာပါဝင်ဆောင်ရွက်မှုသည် အလွန်ထိရောက်အကျိုးရှိသည်။
သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်ပါက တုံ့ပြန်နိုင်သောစွမ်းအားစုတစ်ရပ်အနေဖြင့်သော် လည်းကောင်း၊ သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများတွင် ကိုယ်တိုင်ကိုယ်ကျ ဦးစီးဆောင်ရွက်နိုင်သော ပရဟိတလူငယ် အင်အားစုများ များစွာလိုအပ်ပေသည်။
မြန်မာနိုင်ငံတွင် လူငယ်အများစုသည် ပရဟိတစိတ်ဓာတ်ပြည့်ဝပြီး ဖြစ်ပေါ်လာခဲ့သော သဘာဝဘေးအန္တရာယ်များတွင် အများအကျိုးအတွက် စွန့်လွှတ်အနစ်နာခံမှု၊ ရိုးသား ကြိုးစားမှုပုံရိပ်များက ကမ္ဘာကပင် အသိအမှတ်ပြုကြရပေသည်။ သဘာဝဘေးအန္တရာယ်ကို တုံ့ပြန်ရာတွင် ပရဟိတလူငယ်များ၏ စွမ်းရည်မြှင့်တင်ပေးရန်လိုအပ်ပေရာ ရပ်ရွာလူထုစွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ငန်းများကို ဒေသဆိုင်ရာအဖွဲ့အစည်းများက ဘက်စုံ၊ ကဏ္ဍစုံမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်စေခြင်းဖြင့် ပရဟိတလူငယ်များ၏အင်အားကို ခိုင်မာတောင့်တင်းစေချင်ကြောင်း။ ။