နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂျော်ဂျီယာပြည်နယ်ရွေးကောက်ပွဲများအတွက် ဒေါ်နယ်ထရမ့်နှင့် ဂျိုးဘိုင်ဒင်တို့ နိုင်ငံရေးစုဝေးပွဲ အပြိုင်ကျင်းပခဲ့

ဝါရှင်တန်၊ ဇန်နဝါရီ ၅


အထက်လွှတ်တော်ကို ထိန်းချုပ်ရေးအတွက် အဆုံးအဖြတ်ဖြစ်စေမည့်  ဂျော်ဂျီယာပြည်နယ် ရွေးကောက်ပွဲ များတွင် လာရောက်မဲပေးကြရန် သမ္မတ ဒေါ်နယ်ထရမ့်နှင့် ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်တို့ နိုင်ငံရေးစုဝေးပွဲ အပြိုင်အဆိုင် လုပ်ခဲ့ကြသည်။ အဆိုပါရွေးကောက်ပွဲများမှာ လာမည့်နှစ်များအတွင်း အမေရိကန်နိုင်ငံကို ပုံဖော်ပေးလိမ့်မည်ဟု ရီပတ်ဗလစ်ကန်ပါတီဝင် ဒေါ်နယ်ထရမ့်နှင့် ဒီမိုကရက်တစ်ပါတီဝင် ဂျိုးဘိုင်ဒင်တို့က ပြောသည်။


ဂျော်ဂျီယာပြည်နယ်တွင် မဲပေးခွင့်ရှိသူ၏ ၄၀ ရာခိုင်နှုန်းနီးပါးဖြစ်သည့် မဲဆန္ဒရှင် ၃ သန်းကျော်က မဲပေးခဲ့ကြပြီးဖြစ်သည်။ ဂျော်ဂျီယာပြည်နယ် ရွေးကောက်ပွဲများတွင် ဒီမိုကရက်တစ်ပါတီ အနိုင်ရပါက လွှတ်တော် ၂ ရပ်လုံးနှင့် အိမ်ဖြူတော်ကို ထိန်းချုပ်ခွင့် ရရှိမည်ဖြစ်သည်။


အထက်လွှတ်တော်တွင် မတိမ်းမယိမ်း အခြေအနေဖြစ်နေရာ ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံး နိုင်ငံ၏ နိုင်ငံရေးမသေချာမှုကြောင့် အင်္ဂါနေ့ နံနက်အစောပိုင်းက အာရှရှယ်ယာဈေးနှုန်းများ ကျဆင်းခဲ့သည်။ လက်ရှိအခြေအနေအရ အမတ်နေရာ ၁၀၀ ရှိသည့် အထက်လွှတ်တော်တွင် ရီပတ်ဗလစ်ကန်ပါတီဝင် ၅၂ ဦး၊ ဒီမိုကရက်တစ်ပါတီဝင် ၄၈ ဦး ရှိနေရာ ဂျော်ဂျီယာပြည်နယ်တွင် ဒီမိုကရက်တစ်ပါတီ အနိုင်ရပါက ၅၀-၅၀ စီ ဖြစ်သွားမည်ဖြစ်သည်။


ဂျော်ဂျီယာပြည်နယ်မှ  ရီပတ်ဗလစ်ကန်ပါတီဝင်  အထက်လွှတ်တော်အမတ်များဖြစ်သည့် ကယ်လီလော့ဖလာနှင့် ဒေးဗစ်ပါဂျူးတို့မှာ ဒီမိုကရက်တစ်ပါတီဝင် ကိုယ်စားလှယ် ၂ ဦးဖြစ်သည့် ဂျွန်အော့ ဆော့ဖ်၊ ရာဖေးဝါနော့တို့နှင့် ယှဉ်ပြိုင်လျက်ရှိသည်။ အထက်လွှတ်တော်မှာ အစိုးရဝန်ကြီးရာထူးနှင့် တရားရေး ရာထူးများအတွက် ဂျိုးဘိုင်ဒင် ရွေးချယ်သူများကို အတည်ပြုခွင့် သို့မဟုတ် ပယ်ချခွင့် အခွင့်အာဏာ ရှိသည့်အပြင် ယင်း၏မူဝါဒတစ်ခုလုံးကိုလည်း အဆုံးအဖြတ်ပေးနိုင်စွမ်းရှိသည်။       

                        
 KNT






အခြားဆက်စပ်သတင်းများ