တီဟီရန်၊ ဇန်နဝါရီ ၅
ယူရေနီယမ်သတ္တုကို ၂၀ ရာခိုင်နှုန်းအထိ သန့်စင်နေပြီဖြစ်ကြောင်း အီရန်နိုင်ငံက ပြောသည်။ ကွမ်မြို့အနီးရှိ ဖော်ဒိုယူရေနီယမ်သန့်စင်ရေးစက်ရုံတွင် ယူရေနီယမ်သတ္တုကို ၂၀ ရာခိုင်နှုန်းအထိ သန့်စင်နေခြင်းဖြစ်ကြောင်း အီရန်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ အလီရာဘီအီက ပြောသည်။ အဆိုပါလုပ်ရပ်မှာ ကမ္ဘာ့အင်အားကြီးနိုင်ငံ ၆ နိုင်ငံနှင့် ချုပ်ဆိုခဲ့သည့် ၂၀၁၅ ခုနှစ် နျူကလီးယားကန့်သတ်ရေးစာချုပ်ကို အီရန်နိုင်ငံက အကြီးမားဆုံး ချိုးဖောက်မှု ဖြစ်လာသည်။
သန့်စင်ထားသည့် ယူရေနီယမ်များကို ဓာတ်ပေါင်းဖိုလောင်စာအဖြစ် အသုံးပြုနိုင်သကဲ့သို့ နျူကလီးယားဗုံး ဖန်တီးရန်အတွက်လည်း အသုံးပြုနိုင်သည်။ သို့သော် လက်နက်ထုတ်လုပ်ရန် အသုံးပြုသည့် ယူရေနီယမ်သတ္တုမှာ ၉၀ ရာခိုင်နှုန်း သန့်စင်ရန် လိုအပ်သည်။ ယင်းတို့၏ နျူကလီးယားစီမံကိန်းမှာ ငြိမ်းချမ်းသည့်အကြောင်းရင်းကြောင့် ဖြစ်သည်ဟု အီရန်နိုင်ငံက ထပ်ဖန်တလဲလဲ ဆိုခဲ့ပြီး စာချုပ်ပါ ကတိပြုချက်အများအပြားကို ချိုးဖောက်လျက်ရှိသည်။
၂၀၁၈ ခုနှစ်တွင် အမေရိကန်နိုင်ငံက အဆိုပါစာချုပ်မှ နုတ်ထွက်ပြီး စီးပွားရေးအရေးယူပိတ်ဆို့မှုများ ပြုလုပ်ခြင်းကြောင့် လက်တုံ့ပြန်ခြင်းဖြစ်သည်ဟု အီရန်နိုင်ငံက ဆိုသည်။ သီးခြားဖြစ်ရပ်တစ်ခုအနေဖြင့် ရေကြောင်းဆိုင်ရာ သဘာဝပတ်ဝန်းကျင်ဥပဒေများကို ထပ်ဖန်တလဲလဲ ချိုးဖောက်သည်ဟုဆိုကာ တောင်ကိုရီးယားအလံ လွှင့်ထူထားသည့် ဓာတုပစ္စည်းတင် သင်္ဘောတစ်စင်းကိုအီရန် တော်လှန်ရေး သက်စောင့်တပ်ဖွဲ့က ပင်လယ်ကွေ့ဒေသတွင် သိမ်းဆည်းခဲ့သည်။
တောင်ကိုရီးယားနိုင်ငံခြားရေး ဝန်ကြီးဌာနက သင်္ဘောကို ချက်ချင်းပြန်လွှတ်ပေးရန် တောင်းဆိုထားပြီး ဟော်မုဇ်ရေလက်ကြားတွင် စခန်းချထားသည့် တောင်ကိုရီးယားတပ်ဖွဲ့များကို ပင်လယ်ကွေ့ဒေသသို့ စေလွှတ်ထားသည်ဟု ဆိုသည်။
KNT