တိုကျို ဇန်နဝါရီ ၄
ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူများ တစ်ကျော့ပြန် မြင့်တက်လာခြင်းကြောင့် အရေးပေါ်အခြေအနေ ကြေညာပေးရန် တိုကျိုမြို့နှင့် ပတ်ဝန်းကျင်စီရင်စုများရှိ အစိုးရအဖွဲ့ဝင်များက ဗဟိုအစိုးရကို တိုက်တွန်းခဲ့ပြီးနောက် တစ်ရက်အကြာဖြစ်သည့် ပြီးခဲ့သည့်တနင်္ဂနွေနေ့တွင် တိုကျိုမြို့၌ လူနာသစ် ၈၁၆ ဦး တွေ့ရှိခဲ့သည်။
ဂျပန်နိုင်ငံတစ်ဝန်းတွင် ဒုတိယအကြိမ် အရေးပေါ်အခြေအနေ ကြေညာရန် တောင်းဆိုချက်များကို ဂျပန်ဝန်ကြီးချုပ် ယိုရှီဟဒေးဆူဂါက ငြင်းဆန်ထားသည်။ ဂျပန်နိုင်ငံသည် ကိုဗစ်-၁၉ ပထမလှိုင်း ကြုံတွေ့ခဲ့သည့် ဧပြီလတွင် နိုင်ငံတစ်ဝန်း အရေးပေါ်အခြေအနေ ကြေညာခဲ့သည်။
ဂျပန်အစိုးရအနေဖြင့် ကြေညာချက်သစ် မထုတ်ပြန်မီ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့် တိုင်ပင်ရန် လိုအပ်သည်ဟု ဂျပန်နိုင်ငံ စီးပွားရေးဝန်ကြီးက ပြောသည်။ ယာယီထုတ်ပြန်ချက်အရ တိုကျိုမြို့ရှိ စားသောက်ဆိုင်များနှင့် ကာရာအိုကေဆိုင်များကို ည ၈ နာရီတွင် ပိတ်ရန် ညွှန်ကြားထားပြီး အရက်သေစာ ရောင်းချသည့်ဆိုင်များကို ည ၇ နာရီတွင် ပိတ်ခိုင်းထားကြောင်း ယင်းက ဆိုသည်။
ဂျပန်နိုင်ငံတွင် ပထမအကြိမ် အရေးပေါ်အခြေအနေ ကြေညာခဲ့ချိန်က ဆိုင်များကို မဖြစ်မနေ ပိတ်ခိုင်းခဲ့ခြင်းမရှိဘဲ တခြားနိုင်ငံများကဲ့သို့ တင်းကျပ်သည့် ပိတ်ဆို့မှုစည်းမျဉ်းများလည်း ချမှတ်ခဲ့ခြင်းမရှိပေ။
ပြီးခဲ့သည့် တနင်္ဂနွေနေ့က ဂျပန်နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ လူနာသစ် ၃၀၄၅ ဦး တွေ့ရှိခဲ့ရာ ကပ်ရောဂါကာလအတွင်း ဂျပန်နိုင်ငံတွင် ရောဂါကူးစက်ခံရသူ ၂၄၀၀၀၀ ကျော်၊ သေဆုံးသူ ၃၅၄၈ ဦး ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
KNT