ဝါရှင်တန် ဇန်နဝါရီ ၃
မက်ဆာချူးဆက်ပြည်နယ်မှ ရဲအရာရှိမှာ အလစ်သုတ်ခဲ့သည့် အမျိုးသမီး ၂ ဦးကို စွဲချက်မတင်ဘဲ အကူအညီလိုအပ်နေသည့် ယင်းတို့၏မိသားစုအတွက် ကိုယ်ပိုင်ပိုက်ဆံဖြင့် ခရစ္စမတ်ညစာ ဝယ်ကျွေးခဲ့သည်။ ကိုယ်တိုင်ငွေတွက်ပြီး ရှင်းရသည့် Stop & Shop စတိုးဆိုင်တွင် အမျိုးသမီးနှစ်ဦးက ယင်းတို့အိတ်ထဲ ထည့်ထားသည့် ပစ္စည်းများကို Scan ဖတ်ခဲ့ခြင်းမရှိ၍ ဒီဇင်ဘာလ ၂၀ ရက်တွင် စတိုးဆိုင် လုံခြုံရေးက ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့သည်ဟု ဆိုမာဆတ်ရဲစခန်း ဝက်ဘ်ဆိုက်၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ အမျိုးသမီးနှစ်ဦးနှင့်အတူ ကလေးငယ်နှစ်ဦး ဆိုင်ထဲမှ ပြန်ထွက်မည့်အချိန်တွင် ရဲအရာရှိ မတ်လီမာက ယင်းတို့ကို တားဆီးခဲ့သည်။
''ကျွန်တော့်မှာလည်း အဲဒီအရွယ် သမီးလေးနှစ်ယောက်ရှိတယ်။ အဲဒီတော့ ကျွန်တော် ကိုယ်ချင်းစာမိ တယ်'' ဟု မတ်လီမာက ပြောသည်။ ထို့ကြောင့် မတ်လီမာက ကလေးငယ်များ မကြားစေရန် အမျိုးသမီး တစ်ယောက်ကို ခပ်ဝေးဝေးသို့ခေါ်၍ ဖြစ်ကြောင်းကုန်စင် ရှင်းပြခိုင်းခဲ့သည်။ အဆိုပါဖြစ်ရပ်ကို မသိစေရန် စတိုးဆိုင် ဝန်ထမ်းများက ကလေးငယ်များကို ထိန်းပေးထားခဲ့သည်။
''ကျွန်တော်နဲ့ စကားပြောနေတဲ့ အမျိုးသမီးက အလုပ်လုပ်တယ်။ ဒါပေမဲ့ ကလေး ၂ ယောက်ရဲ့အမေက အလုပ်မရှိဘူး။ ပြီးတော့ တခြားမိသားစုပြဿနာတွေလည်း ရှိနေတယ်။ သူက ကလေးတွေ ခရစ္စမတ်ညစာ စားဖို့ စတိုးဆိုင်က ပစ္စည်းတွေကို ယူမိခဲ့တာပါလို့ ပြောတယ်'' ဟု မတ်လီမာက ဆိုသည်။ စတိုးဆိုင် ကောင်တာပေါ်တွင် ယင်းတို့ယူထားသည့် ပစ္စည်းများကို မတ်လီမာက လှမ်းကြည့်လိုက်ရာ စားစရာများ ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။
''ဒီမိသားစုက တကယ်လိုအပ်နေတာပါ။ ကျွန်တော်ဆိုရင်ရော Stop & Shop ကိုလာပြီး ကျွန်တော် တတ်နိုင်သလောက်ပဲဝယ်သွားမလား၊ ဒါမှမဟုတ် ဒီကိုလာပြီး ကလေးတွေရဲ့ ခရစ္စမတ်ညစာအတွက် စားစရာတွေ ယူမိမလားဆိုတာ စဉ်းစားမရခဲ့ဘူး''ဟု မတ်လီမာက ပြောသည်။ မတ်လီမာက ယင်းတို့ကို ပိုင်နက်ကျူးကျော်မှုမလုပ်ရန် သတိပေးခဲ့သော်လည်း စွဲချက်တင်ခဲ့ခြင်းမရှိပေ။ '' သူတို့အရမ်း ကျေးဇူးတင်ပြီး တုန်တုန်ယင်ယင် ဖြစ်နေရှာတယ်။ ဒီလိုအခြေအနေမှာ ဒီလိုလုပ်ဖို့ စဉ်းစားမိတဲ့ တခြားသူတွေဆိုရင် အဖမ်းခံရတာ၊ တရားရုံးတက်ရတာတွေ ဖြစ်နိုင်တယ်''ဟု မတ်လီမာက ဆိုသည်။ အမျိုးသမီးများအနေဖြင့် အခြားစတိုးဆိုင်တွင် ယင်းတို့လိုအပ်သည့် ကုန်ခြောက်ပစ္စည်းများ ဝယ်ယူနိုင်ရန်အတွက် မတ်လီမာက အမေရိကန်ဒေါ်လာ ၂၅၀ တန် လက်ဆောင်ကတ်ဝယ်ယူပေးအပ်ခဲ့သည်။ (KNT)