ဝါရှင်တန် ဇန်နဝါရီ ၃
အမေရိကန်နိုင်ငံမှ လူရမ်းကားများက အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပါလော့ဆီနှင့် အထက်လွှတ်တော်၏ ရီပတ်ဗလစ်ကန်ပါတီခေါင်းဆောင် မစ်မက်ကွန်နဲလ်တို့၏ နေအိမ်များကို တိုက်ခိုက်ဖျက်ဆီးခဲ့ကြသည်။ ဒီမိုကရက်တစ်ပါတီဝင် ပါလော့ဆီ၏ ကယ်လီဖိုးနီးယားမြို့ နေအိမ်အပြင်ဘက်တွင် သွေးအတုများနှင့် ဝက်ခေါင်းပြတ်တစ်လုံးချန်ထားခဲ့ပြီး ဂရက်ဖစ်တီလည်း ရေးဆွဲခဲ့သည်။ ကင်တက်ကီပြည်နယ်ရှိ မက်ကွန်နဲလ်၏ နေအိမ်တွင်လည်း '' ငါ့ပိုက်ဆံတွေ ဘယ်ရောက်သွားလဲ'' ဆိုသည့်စကားလုံးနှင့် ညစ်ညမ်းသည့်ပုံများ ရေးဆွဲခဲ့သည်။ ကိုဗစ်-၁၉ ကာလ ထောက်ပံ့ရေးဥပဒေနှင့်ပတ်သက်၍ နိုင်ငံရေးပဋိပက္ခဖြစ်ပွားနေချိန်တွင် ယခုကဲ့သို့ ဖျက်ဆီးခံရခြင်းဖြစ်သည်။
ပြီးခဲ့သည့်အင်္ဂါနေ့တွင် အမေရိကန်အောက်လွှတ်တော်က ပြည်သူတစ်ဦးအတွက် အမေရိကန်ဒေါ်လာ ၆၀၀ မဟုတ်ဘဲ ဒေါ်လာ ၂၀၀၀ အထိ တိုးမြှင့်ထောက်ပံ့ပေးရန် မဲခွဲဆုံးဖြတ်ခဲ့သည်။ ရီပတ်ဗလစ်ကန်ပါတီဝင် လွှတ်တော်အမတ် ၄၀ ကျော်၏ အကူအညီကြောင့် ဒီမိုကရက်တစ်ပါတီ ဦးဆောင်သည့် အောက်လွှတ်တော်က အဆိုပါပြင်ဆင်ဖြည့်စွက်မှုကို အတည်ပြုနိုင်ခဲ့သည်။ သို့သော် ရီပတ်ဗလစ်ကန်ပါတီ ဦးဆောင်သည့် အထက်လွှတ်တော်က ထောက်ပံ့ကြေးတိုးမြှင့်ပေးမည့်အစီအစဉ်ကို အတည်ပြုခြင်းမရှိပေ။
ပါလော့ဆီ၏နေအိမ် ဖျက်ဆီးခံရသည့်ဖြစ်ရပ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးနေသည်ဟု ဆန်ဖရန်စစ္စကို မြို့ ရဲတပ်ဖွဲ့က ပြောသည်။ (KNT)