နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဗီလာကိုအိုးလ်ထရက်ဖို့ဒ်မှာ ပညာပေးရင်းအနိုင်ယူလိုက်တဲ့ မန်ယူနိုက်တက်

ဇန်နဝါရီ ၃


မန်ချက်စတာယူနိုက်တက်ကဗီလာနဲ့ပွဲအတွက် ကွင်းလယ်မှာ ၄-၄-၂ ဒိုင်းမွန်းပုံစံနဲ့ ပွဲထွက်လာခဲ့ပြီး တကယ်တမ်း ပွဲကစားရာမှာတော့ ၄-၅-၁ အဖြစ် ဖာနန်ဒက်စ်နဲ့ရက်ရှ်ဖို့ဒ်က ဘယ်၊ ညာတောင်ပံနဲ့ ပေါ့ဘာက အထောင်တိုက်စစ်မှူး မာစီယယ်နောက်က လိုက်ကစားသွားခဲ့ပါတယ်။ ဗီလာတို့ကတော့ သူတို့အားသန်တဲ့ တန်ပြန်တိုက်စစ်နဲ့ ဂရီးလစ်ရှ်နဲ့ ဘာထရန်ထရာအိုရေးတို့က အဓိက ပုံဖော်ကစားလာခဲ့ပါတယ်။ နှစ်ဖက် ဂိုးသမားတွေဖြစ်ကြတဲ့ ဒဟေးယားနဲ့ မာတီနက်ဇ်တို့ရဲ့ ကာကွယ်မှုတွေကောင်းကြပါတယ်။ ပွဲချိန် မိနစ် ၄၀ ရက်ရှ်ဖို့ဒ်ကတစ်ဆင့် ဘောလုံးရသွားတဲ့ ဝန်ဘစ်ဆာကာက ဖြတ်တင်ပေးရာမာစီယယ်လ်က ဗီလာနောက်ခံလူနှစ်ယောက်ကြားထဲက ခေါင်းတိုက်သွင်းယူသွားနိုင်ခဲ့တာပါ။ ပထမပိုင်းကိုတော့ ယူနိုက်တက်တို့ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်ခဲ့ပြီး ဒုတိယပိုင်းမှာတော့ ဧည့်သည်ဗီလာတို့ရဲ့ ချေပဂိုးရဖို့ ဂရီးလစ်ရှ်နဲ့ ဝပ်ကင်းစ်တို့ ဖန်တီးလာနိုင်ခဲ့ကြပါတယ်။ ပွဲချိန် ၅၈ မိနစ်မှာတော့ ဖရီးကစ်ကို အမြန်ပေးလိုက် တဲ့ ဘောလုံးကို ဂရီးလစ်ရှ်ရပြီး ဖြတ်ချိုးပေးတဲ့ဘောလုံးကို ယူနိုက်တက်နောက်ခံလူတွေ မဖျက်ထုတ်နိုင်ခဲ့လို့ ညာတောင်ပံက ထရာအိုရေးက ကန်သွင်းခဲ့ကာ ဗီလာတို့ချေပဂိုးရခဲ့ပါတယ်။ ပွဲချိန် မိနစ် ၆၀ မှာတော့ လက်ပစ်ဘောကို ဂိုးဧရိယာထဲ ဆွဲယူသွားခဲ့တဲ့ ပေါ့ဘာကြောင့် ပင်နယ်တီရခဲ့ပြီး ဘရူနိုဖာနန်ဒက်စ်က မခုန်ဘဲ တစ်လှမ်းချင်းလှမ်းပြီး ကန်သွင်းရယူသွားခဲ့လို့ ဦးဆောင်ဂိုးရခဲ့ပါတယ်။ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် တိုက်စစ်ကစားခဲ့ကြရာမှာ ဂရီးလစ်ရှ်ရဲ့ ဖြတ်တင်ဘောကို တိုက်စစ်မှူးဝပ်ကင်းစ် လွဲချော်ခဲ့သလို  ဖာနန်ဒက်စ် ရဲ့ အကောင်းဆုံးကန်ချက်ကိုလည်း ဂိုးသမား မာတီနက်ဇ်က လက်စွမ်းပြ ပုတ်ထုတ်သွားနိုင်ခဲ့တာပါ။ ဒီနောက်ပိုင်းဗီလာဘက်က ရမ်းဆီနဲ့ ကီနန်ဒေးဗစ်တို့ကိုထည့်သွင်းပြီး တိုက်စစ်မြှင့်လာခဲ့သလို ယူနိုက်တက်ကတော့ တန်ပြန်တိုက်စစ်ကစားဖို့ ဘရူနိုဖာနန်ဒက်စ်ကိုအနားပေးပြီး ဒန်နီယယ်လ်ဂျိမ်းစ် ကို ထည့်သွင်းခဲ့ပါတယ်။ ပွဲအပြီးမှာတော့ မန်ယူနိုက်တက်က ၂-၁ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။ ဒီပွဲကို အနိုင်ရရှိခဲ့တာကြောင့် အမှတ်ပေးဇယားမှာ မန်ယူနိုက်တက်တို့ လီဗာပူးလ်မကစားခင်မှာ ရမှတ်တူ ၃၃ မှတ်၊ ဂိုးကွာခြားချက်လျော့နည်းမှုနဲ့ ဒုတိယနေရာကနေ ဆက်လက်ဖိအားပေးနိုင်ခဲ့ပါတယ်။  

(SO)






အခြားဆက်စပ်သတင်းများ