ဝါရှင်တန် ဇန်နဝါရီ ၃
၂၀၂၀ ပြည့်နှစ်အတွင်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လေကြောင်းခရီးစဉ်ပြေးဆွဲမှုများ ကျဆင်းခဲ့သော် လည်း စီးပွားဖြစ်လေကြောင်းခရီးစဉ်များ ပျက်ကျမှုကြောင့် လူသေဆုံးမှု မြင့်တက်ခဲ့ကြောင်း ဟော်လန်နိုင်ငံ လေကြောင်းပျံသန်းမှုဆိုင်ရာ အကြံပေးအဖွဲ့ To70 က ဖော်ပြသည်။
၂၀၂၀ ပြည့်နှစ်အတွင်း စီးပွားဖြစ်လေကြောင်းခရီးစဉ်များ ပျက်ကျမှုကြောင့် လူ ၂၉၉ ဦး သေဆုံးခဲ့ပြီး အဆိုပါပမာဏမှာ ၂၀၁၉ ခုနှစ် ( ၂၅၇ ဦး သေဆုံး)ထက် ပိုများခဲ့သည်။ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု တားဆီး၊ ထိန်းချုပ်ရေး စည်းမျဉ်းများကြောင့် ပြီးခဲ့သည့်နှစ်က စီးပွားဖြစ် လေကြောင်းခရီးစဉ်ပြေးဆွဲမှုများ ၄၂ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း လေကြောင်းခရီးစဉ်များကို ခြေရာခံမှတ်တမ်းတင်သည့် Flightradar 24 သတင်းဌာနက ဖော်ပြသည်။
To70 အဖွဲ့က ထုတ်ပြန်သည့် ကိန်းဂဏန်းများတွင် လေယာဉ်ပစ်ချခံရမှုကဲ့သို့ တရားဥပဒေနှင့် မညီသည့် ပြင်ပ ပယောဂလုပ်ရပ်များအပါအဝင် ခရီးသည်တင် လေယာဉ်ကြီးများ၏ သေဆုံးမှုစုစုပေါင်း စာရင်းဖြစ်သည်။ ထို့ကြောင့် ပြီးခဲ့သည့်နှစ် ဇန်နဝါရီလတွင် အီရန်တပ်ဖွဲ့၏ ပစ်ချမှုကြောင့် ယူကရိန်းခရီးသည်တင်လေယာဉ် ပျက်ကျမှုတွင် သေဆုံးခဲ့သူများကိုလည်း ထည့်သွင်းတွက်ချက်ထားသည်။
ယူကရိန်းခရီးသည်တင်လေယာဉ် ပစ်ချခံရမှုကြောင့် လူ ၁၇၆ ဦး သေဆုံးခဲ့ရာ အဆိုပါပမာဏမှာ ပြီးခဲ့သည့်နှစ်က လေယာဉ်ပျက်ကျမှုများကြောင့် သေဆုံးသူစုစုပေါင်း၏ တစ်ဝက်ကျော်ရှိသည်။ ကရာချိမြို့ တွင် ဖြစ်ပွားခဲ့သည့် ပါကစ္စတန်လေကြောင်းလိုင်း၏လေယာဉ်ပျက်ကျမှုတွင် သေဆုံးသူ ၉၈ ဦးလည်းပါဝင်နေ သည်။ သို့သော် လေယာဉ်မတော်တဆဖြစ်မှုအရေအတွက်မှာ ၂၀၁၉ ခုနှစ်က ၈၆ ခု ရှိခဲ့ရာမှ ပြီးခဲ့သည့်နှစ်တွင် ၄၀ သာ ရှိခဲ့သည်။
(KNT)